Pages

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Monday, February 27, 2012

ဒါနနဲ့ သီလ မလိုဘူးတဲ့လား?

ဒါနနဲ့ သီလ မလိုဘူးတဲ့လား?
by ရနောင်းဌာနီ ဘ၀မြှင့်တင်ရေးကျောင်း
(ဒါန ၊ သီလ ၊ ဘာဝနာ ၊ သုံးခုမှာဘယ်ဟာအရေးကြီးဆုံးပါလဲ ဘုရား။ တချို့က သံသရာမှလွတ်မြောက်ချင်လျှင် ဒါန၊သီလ မလိုအပ်ဘူးလို့ ဆိုနေကြများမှာမှန် မမှန်ဖြေ ကြားပေးစေလိုပါ၏။)
“ဘုရားဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၏”လို့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှာ ရေးသားခဲ့တယ်။
ဘုရားအလောင်းတွေဟာ ပါရမီဖြည့်ရင် ဒါနပါရမီကို အရင်ဖြည့်လေ့ရှိကြတယ်။
အရပ်ထဲမှာ လူတွေက ပြောကြတယ်။ “အူမတောင့်မှ သီလစောင့်နိုင်မှာပေါ့”တဲ့။ မရှိလို့ မလှု မလှုလို့ မရှိတဲ့။ မရှိရင် အူမတောင့်မှာ မဟုတ်ဘူး။ ဒီတော့ အူမတောင့်ဖို့အတွက် ရှိဖို့လိုတယ်။ ရှိဖို့အတွက် လှုဖို့လိုတယ်။ လှုတယ်ဆိုတာ ဒါနပြုတာပဲ။
ဒါနမရှိတော့ အရာရာ ချို့တဲ့တယ်။ အရာ ချို့တဲ့တော့ အူမမတောင့်တော့ဘူး။ အူမ မတောင့်တော့ သီလမစောင့်နိုင်ဘူး။ ဒါကြောင့် ဒါန မရှိသူများဟာ သီလပါရမီကို ဖြည့်ကျင့်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။
သီလပါရမီကို မဖြည့်ကျင့်နိုင်မှတော့ သစ္စာပါရမီလဲ ဖြည့်ကျင့်နိုင်မှာ မဟုတ်တော့ဘူး။ မေတ္တာပါရမီလဲ မပြည့်ကျင့်နိုင်တော့ဘူး။ ကိုယ်ထက်ချမ်းသာတဲ့သူတွေကို မနာလိုမရှု့စိမ့်ဖြစ်တော့မယ်လေ။ ဘယ်မှာ မေတ္တာပါရမီဖြည့်နိုင်ပါတော့မလဲ။
နောက်ဆုံး ကိုယ့်ထက်ချမ်းသာသူက စေတနာနဲ့ ပြောတဲ့စကားကိုတောင်မှ “ငါ့ကို မရှိလို့ ဆင်းရဲလို့ ဒါမျိုးစကားကို ပြောတာ”လို့ ထင်တတ်ကြတယ်။ ဒီတော့ ခန္တီပါရမီလဲပျက်ပြီ။
ဒါနပါရမီချို့တဲ့လိုက်တာနဲ့ ကျန်တာတဲ့ပါရမီတွေကို ဖြည့်ကျင့်ဖိုဆိုတာ အင်မတန် ခက်ခဲသွားပါတယ်။ ဒါကြောင့် ဘု၇ားအလောင်းတော်များဟာ ဒါနပါရမီကို အရင်ဖြည့်ကျင့်ကြတာပါ။
နောက်ပြီးတော့ ဘာဝနာအလုပ်ကို လုပ်မဲ့သူဟာ အနိမ့်ဆုံးအားဖြင့် ငါးပါးသီလကို လုံခြုံရပါတယ်။
သီလမရှိသူဟာ စိတ်ငြိမ်သက်တည်ကြည်မှု မဖြစ်နိုင်ပါဘူး။ စိတ်ငြိမ်သက် တည်ကြည်မှု မဖြစ်ရင် ဖြစ် ပျက် သဘောတရားတွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ပျက် ဖြစ် သဘောတရားတွေကို မမြင်နိုင်ပဲနဲ့တော့ ဘာတဏှာမှလဲ ချုပ်ငြိမ်းမှာ မဟုတ်ပါဘူး။ တဏှာ မချုပ်ငြိမ်းမှတော့ ဘယ်မှာ သံသရာထဲက လွတ်မြောက်နိုင်ပါတော့မလဲ။ အလေးအနက် စဉ်းစားကြည့်စေလိုပါတယ်။
ဒါန သီလက လိုအပ်လို့ ဘုရားအလောင်းတွေ ဒါနပါရမီ သီလပါရမီတွေကို ဖြည့်ကျင့်ခဲ့ကြတာပေါ့။ မလိုရင် အပိုအလုပ်တွေဆိုရင် ဘယ်မှာ လုပ်နေကြပါ့မလဲ။
ဒါန သီလ မလိုဘူးလို့ ပြောသူများဟာ ဗုဒ္ဓဘုရားရှင်တွေထက် ပိုတော် ပိုတတ်တဲ့ သူများထင်ပါရဲ့။
တချို့ လူ့ဗလချာ ဗာလမျိုးတွေက ခုဇ္ဇုတ္တရာတို့ အင်္ဂုလိမာလာတို့ဟာ သူခိုးနဲ့ လူသတ်သမားတွေပါ။ သူတို့ဘယ်မှာ သီလလုံလို့လဲ။ သီလမလုံပဲ တစ်မဂ်တစ်ဖိုလ်ရသွားခဲ့ကြတာပဲ။ ဒါကို ကြည့်သောအားဖြင့် သီလ မလိုပါဘူးလို့ ပြောလေ့ရှိကြတယ်။
ပစ္ဆိမဘ၀ိကဖြစ်တဲ့ ဒီဘ၀မှာ မဂ်ဖိုလ်ရဖို့ ကျိန်းသေနေတဲ့ ပါရမီရှင်ကြီးတွေနဲ့များ သူတို့မို့ မတန်မရာ နှိုင်းယှဉ်ကြပါပေရဲ့။ သူတို့တွေဟာ ပါရမီတွေကို အကုန်အပြည့် ဖြည့်ပြီးကြပြီ။ ဒီဘ၀လေးကိုပဲ ကွက်ကြည့်နေရင်တော့ မှားမှာပေါ့။
နောက်ပြီးတော့ နိဗ္ဗာန်ဝင်တာချင်း အတူတူတောင် ဒါနရှိသူများကျတော့ မပင်မပန်းချမ်းချမ်းသာသာသူဌေးကြီးဘ၀နဲ့ ၀င်ရတယ်။ ဒါနမရှိသူများကြတော့ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ် သူတောင်းစားဘ၀နဲ့ နိဗ္ဗာန်ဝင်ရတယ်။
နောက်ဆုံးပြောချင်တာက ဒါန သီလ ဘာဝနာ အားလုံးအရေးကြီးပါတယ်။ နိဗ္ဗာန်ရဖို့အတွက် ဒါန သီလ မလိုဘူးလို့ ပြောတဲ့စကားဟာ သွက်သွက်ခါအောင် မှားယွင်းပါတယ်။

ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး‏ by သဒ္ဓမ္မရံသီ-ဆရာတော်

ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလ ကွဲပြားပုံ ၄-မျိုး‏
ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ ပြုနေကြသော ဒါန-စသော ကုသိုလ်ကံတို့သည်-
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။
၂။ ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ။
၃။ အပရာပရိယဝေဒနီယကံ-တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသောကံ။
၎။ အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူ၍ ၄-မျိုးကွဲပြားလျက် ရှိပေသည်။
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ-ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များ ပြုသောအခါ ကုသိုလ်ဇောတို့သည် ၇-ကြိမ် ရ-ကြိမ် ဖြစ်သွားကြပေသည်။ ထို ၇-ကြိမ်တို့တွင် ပထမဇောကုသိုလ်စေတနာကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်ပေသည်။ ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည် ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးနိုင်ပေသည်။
ယခုမျက်မှောက်ဘ၀၌ပင် အကျိုးပေးသော်လည်း သူ့ရှေ့မှ ဇောအကူအညီကိုမရ၍ ရှေးဦးစွာ ဖြစ်ရသည့် ပထမဇောကုသိုလ်ကံ ဖြစ်သောကြောင့် မွေးဖွားခါစ ကလေးငယ်များကဲ့သို့ အားနည်းလှပေသည်။ ထို့ကြောင့် အကျိုးပေးသောအခါ ပထမဇောကုသိုလ် စေတနာကံသည် ထင်ထင်ရှားရှား အကျိုးမပေးနိုင်ပေ။ မထင်မရှားသာ အကျိုးပေးနိုင်ပေသည်။
ပထမဇောကုသိုလ်စေတနာကံသည် ယခုမျက်မှောက်ဘ၀၌ပင် ကုသိုလ်ရှင် ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ ရှိနေရအောင် ကုသိုလ်ရှင် ပြုချင်သည့်ကိစ္စများ လွယ်လွယ်နှင့် ပြီးမြောက်သွားရအောင် ကုသိုလ်ရှင် အလိုရှိအပ်သည့် အကျိုးတရားများ လွယ်လွယ်နှင့် ရရှိသွားရအောင် မထင်မရှားပင် အကျိုးပေးနိုင်ပေသည်။ ယခုဘ၀၌ အကျိုးပေးခွင့်မရလျှင် နောင်ဘ၀များ၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားရပေသည်။
ဆောင်ပုဒ်။ မျက်မှောက်ဘ၀၊ ကျိုးပေးက၊ ဒိဋ္ဌဓမ္မမည်။
ပထမဇောကုသိုလ် စေတနာကံသည် အားနည်းသော ကုသိုလ်ကံပင်ဖြစ်သော်လည်း ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင်တော့ ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။ ထူးခြားသည့်အကြောင်း ၄-ချက်မှာ-
၁။ အလှူခံပုဂ္ဂိုလ်၏ အနာဂါမ်၊ ရဟန္တာ ဖြစ်ခြင်း။
၂။ နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။
၃။ အလှူပေးပုဂ္ဂိုလ်၏ စင်ကြယ်သော လှူဖွယ်ပစ္စည်း ဖြစ်ခြင်း။
၎။ အလှူပေးပုဂ္ဂိုလ်၏ စေတနာ ၃-တန် ထက်သန်ခြင်း။
ဤထူးခြားသည့်အကြောင်း ၄-ချက်နှင့် ပြည့်စုံလျှင် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။
အရှင်အနုရုဒ္ဓါအလောင်း အန္နဘာရ မြက်ထမ်းသမားသည် ထူးခြားသော အကြောင်း ၄-ချက်နှင့်ပြည့်စုံစွာ လှူဒါန်းရသောကြောင့် ဆင်းရဲသားဘ၀မှ သူဌေးကြီးဖြစ်ရသည့် သာဓက ရှိခဲ့ပေသည်။
တချိန်သောအခါ အရှင်အနုရုဒ္ဓါအလောင်းသည် အန္နဘာရဟူသော အမည်ဖြင့် သုမနသူဌေးအိမ်၌ မှီခို၍ နေရသော ဆင်းရဲသား မြက်ထမ်းသမား ဖြစ်ခဲ့ရပေသည်။ အန္နဘာရမြက်ထမ်းသမားသည် တနေ့သောအခါ တောအရပ်မှ မြက်များကို ရိတ်ယူကာ မြက်ထုံးများကိုထမ်း၍ အိမ်သို့ပြန်လာခဲ့လေ၏။ ထိုအချိန်မှာ ဂန္ဓမာဒနတောင်၌ သီတင်းသုံးနေတော်မူသော ဥပရိဋ္ဌ အမည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နိရောဓသမာပတ်မှထ၍ ကောင်းကင်ခရီးဖြင့် ကြွလာတော်မူပြီးလျှင် အန္နဘာရမြက်ထမ်းသမား၏ ရှေ့မှ သက်ဆင်းကာ သပိတ်ကိုပိုက်လျက် ဆွမ်းခံကြွသွားတော်မူ၏။
ထိုအခါ အန္နာဘာရသည် အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူလိုသောကြောင့် အိမ်ရှင်မထံ ပြန်သွား၍ နှစ်ယောက်စာထမင်းကို ယူလာကာ အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်းပြီးလျှင် ဤတထပ်စာမျှသော ဆွမ်းကို လှူဒါန်းရသည့် ကောင်းမှုကြောင့် နောင်ဖြစ်လေရာ ဘ၀တိုင်းတို့၌ ဆင်းရဲသားမျိုးမှာ မဖြစ်ရပါလို၏။ မရှိဟူသောစကားကို မကြားမသိရပါလို၏-ဟု ဆုတောင်းပတ္ထနာ နှစ်ခုကို ပြုလိုက်ပေသည်။
ဤကဲ့သို့ တထပ်စာဆွမ်းကို လှူဒါန်းကာ ဆုတောင်းပတ္ထနာပြုပြီးလျှင် အိမ်သို့ပြန်လာသောအခါ သူမနသူဌေးက အန္နဘာရ၏ ဆွမ်းအလှူကို တကျပ်မှစ၍ တထောင်ထိအောင် တိုးပေး၍ ၀ယ်ယူသော်လည်း မရောင်းသည့်အတွက်ကြောင့် အမျှဝေစေပြီး သာဓုခေါ်ကာ ငွေတထောင်ပေးလေ၏။
ထို့နောက် မင်းကြီးထံသို့ သွားဖို့ရန်ရှိ၍ အန္နဘာရကို မင်းကြီးထံသို့ ခေါ်သွားလေ၏။ မင်းကြီးကလည်း တထောင်ထပ်ပေးပြီးလျှင် အိမ်ဆောက်ဖို့ရန်အတွက် ခြံမြေတခုကို ပေးပြန်လေသည်။ ထိုခြံမြေကို ရှင်းလင်းသောအခါ အန္နဘာရအတွက် ရွှေအိုးများ ပေါ်ထွက်လာသောကြောင့် ဆင်းရဲသားကို သူဌေးကြီးဘွဲ့ ပေးလိုက်လေ၏။ အန္နဘာရမြက်ထမ်းသမား၏ ဆွမ်းအလှူသည်-
၁။ အလှူခံပုဂ္ဂိုလ်၏ ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်ခြင်း။
၂။ ပစ္စေကဗုဒ္ဓါ ရဟန္တာ၏ နိရောဓသမာပတ်မှ ထသောအခါ ဖြစ်ခြင်း။
၃။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏ တထပ်စာဆွမ်းသည် စင်ကြယ်သော လှူဖွယ်ပစ္စည်းဖြစ်ခြင်း။
၎။ အလှူပေးပုဂ္ဂိုလ် အန္နဘာရ၏ စေတနာ ၃-တန် ထက်သန်ခြင်း
ဟူသော ထူးခြားသည့် အကြောင်း ၄-ချက်နှင့် ပြည့်စုံသောကြောင့် အန္နဘာရသည် ယခုဘ၀၌ပင် မြက်ထမ်းသမား ဆင်းရဲသားဘ၀မှ သူဌေးကြီး ဖြစ်သွားရလေ၏။ ပထမဇော ကုသိုလ်စေတနာကံ၏ အကျိုးပေးပင် ဖြစ်ပေသည်။
ဤသာဓကကိုထောက်ထား၍ အလှူဒါနပြုသောအခါ အလှူခံပုဂ္ဂိုလ်ဘက်က အကြောင်းအင်္ဂါ နှစ်ပါးနှင့်လည်း ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရွေးချယ်ကြရပေသည်။ အလှူပေးပုဂ္ဂိုလ် မိမိတို့ဘက်ကလည်း အကြောင်းအင်္ဂါ နှစ်ချက်နှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စီမံပြုလုပ်ကြရပေသည်။
( ၂ ) ဥပပဇ္ဇဝေဒနီယကံ-ဒုတိယဘ၀၌ အကျိုးပေးသောကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ၇-ခုမြောက်ဖြစ်သည့် သတ္တမဇောကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုသတ္တမဇော ကုသိုလ်စေတနာကံသည် ယခုဘ၀မှ ကွယ်လွန်သွားပြီးသောအခါ ဒုတိယဘ၀၌ အကျိုးပေးသောကံ ဖြစ်ပေသည်။
ဆောင်ပုဒ်။ ဒုတိယဘ၀၊ ကျိုးပေးက၊ ဥပပဇ္ဇမည်။
သတ္တမဇော ကုသိုလ်စေတနာကံသည် ဇော ၇-ကြိမ်တို့တွင် နောက်ဆုံး အဆုံးဇောစေတနာကံဖြစ်၍ အားနည်း၏။ ထို့ကြောင့် ဒုတိယဘ၀၌ပင် အကျိုးပေးရသည်။ ဒုတိယဘ၀၌ အကျိုးပေးခွင့် မရခဲ့သော် တတိယဘ၀၊ စတုတ္ထဘ၀ စသည်တို့၌ အကျိုးမပေးနိုင်တော့ပေ။ အကျိုးမပေးသည့် အဟောသိကံများ ဖြစ်သွားရပေသည်။
( ၃ ) အပရာပရိယဝေဒနီယကံ-တတိယဘ၀မှ စ၍ နိဗ္ဗာန်ရောက်သည့်ဘ၀တိုင်အောင် အကျိုးပေးသော ကံ-ဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို ပြုသောအခါ ဇော ၇-ကြိမ်တို့တွင် ပထမဇောကံနှင့် သတ္တမဇောကံ ၂-ပါးကို ကြဉ်ဖယ်၍ အလယ်ဇော ၅-ခု ကုသိုလ်စေတနာကံ ဖြစ်ပေသည်။ ထိုအလယ်ဇော ကုသိုလ်စေတနာကံ ၅-ခုသည် ရှေးရှေးဇောများက ရရှိကြသောကြောင့် အားနှင့်ပြည့်စုံကြပေသည်။ ထို့ကြောင့် တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးနိုင်ပေသည်။
ဆောင်ပုဒ်။ တတိယဘ၀မှ၊ နိဗ္ဗာန်ကျထိ၊ ကျိုးပေးဘိ၊ အပရာပရိမည်။
( ၄ ) အဟောသိကံ-ကံသာဖြစ်၍ အကျိုးမပေးသောကံ-ဟူသည် အကြင် ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ တို့သည် မိမိတို့ အကျိုးပေးရာကာလတို့၌ အကြောင်းမသင့် အခွင့်မသာ၍ အကျိုးမပေးကြရပေ။ ထိုကံတို့သည်ပင်လျှင် အဟောသိကံတို့ ဖြစ်သွားကြရပေသည်။
ဆောင်ပုဒ်။ အကျိုးမပေးပြန်၊ အဟောသိကံ၊ အမှန်ဖြစ်ပေသည်။
ဤကဲ့သို့ ကုသိုလ်ကံတို့သည် အကျိုးပေးရာကာလအားဖြင့်-
၁။ ယခုမျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။
၂။ ဒုတိယဘ၀၌ အကျိုးပေးသောကံ။
၃။ တတိယဘ၀မှစ၍ နိဗ္ဗာန်ရောက်သည့် ဘ၀တိုင်အောင် အကျိုးပေးသောကံ။
၎။ ကံသာဖြစ်၍ အကျိုးမပေးသောကံ။
ဟူ၍ ၄-မျိုး ကွဲပြားလျက် ရှိကြပေသည်။
အကုသိုလ်ကံတို့သည်လည်း ကုသိုလ်ကံတို့ကဲ့သို့ပင် အကျိုးပေးရာကာလအားဖြင့် ၄-မျိုးကွဲပြားလျက် ရှိကြပေသည်။

ဒါနဘာကြောင့် ပြုရသလဲ

အလှူဒါန ဘာကြောင့်ပြုရသလဲ ဆိုတဲ့အကြောင်းကိုရေးသားဖော်ပြချင်ပါတယ်..ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး အများစုဟာ အလှူဒါနကို ရက်ရက်ရောရော ပြုကြပါတယ်..တကယ်လှူချင်တဲ့ စိတ်တွေ သဒ္ဓါတရားတွေလည်း ရှိကြပါတယ် ဒါပေမယ့် ဘာကြောင့် အလှူဒါနပြုတယ်ဆိုတာကိုတော့ တော်တော်များများမသိကြပါဘူး..ယခုဘ၀ဒါနပြုရင် နောက်ဘ၀ကောင်းစားမယ် နတ်ချမ်းသာ လူချမ်းသာဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ အလှူဒါနပြုနေကြတာများပါတယ်..ဒါကြောင့် ဒါနပြုရခြင်းအကြောင်းကို အရှင်ဇ၀နဟောကြားတဲ့ ဒါနဘာကြောင့်ပြုရသလည်းဆိုတဲ့ တရားတော်မှာ နာကြားလိုက်ရလို့ မသိသေးသူများ သိသွားအောင် ဖော်ပြလိုက်ပါတယ်..
ဒါနပြုတယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ဘ၀အဆက်ဆက်က ဒုက္ခပေးလာတဲ့ စွဲလမ်းတပ်မက်တဲ့ လောဘကိလေသာကြီးကုန်အောင် ပြုတာဖြစ်တယ်...သီလစောင့်တည်ခြင်း ဘာဝနာပွားများခြင်းတွေလည်း တူတူပါပဲ..သီလစောင့်တည်တယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ရှိတဲ့ ဒေါသဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ စောင့်တည်တာ ဘာဝနာပွားတယ်ဆိုတာဟာလည်း မိမိရဲ့သန္တာန်မှာ ရှိတဲ့ မောဟ ဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ပွားများတာဖြစ်တယ် ..်ဒါနအကြောင်းဆက်ပြောပါမယ်..ဗုဒ္ဓဘာသာဝင်အများစု အမြင်မှားနေတာတစ်ခုက အလှူဒါနပြုပြီးတိုင်း ဆုတောင်းနေကြတာပါပဲ..တကယ်တော့ ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး..ဆရာတော် ဟောကြားတဲ့ ဥပမာလေးကိုသဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်..
ဥပမာလေးက ဒီလိုပါ အလုပ်သမားတစ်ယောက်ဟာ သူ့အလုပ်ကို သူကျေပွန်အောင်လုပ်ပြီးရင် သူပိုက်ဆံရဖို့ လစာရဖို့ ဆုတောင်းစရာမလိုပါဘူး သူသေချာပေါက်ရမှာပါ..သူအလုပ်လုပ်ရင် လုပ်ခရမှာပါ ဆုတောင်းစရာမလိုပါဘူး ဒါနပြုခြင်းဟာလည်း အဲဒီသဘောပါပဲ..ကိုယ်ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး ဒါနရဲ့ အကျိုးကိုက ချမ်းသာတဲ့ အကျိုးကိုပေးပြီးသားပါ...လိုတာက ကိလေသာကုန်ဖို့နဲ့ နိဗ္ဗာန် ဆုတောင်းဖို့ပဲ လိုပါတယ်.. ပြီးတော့ ဘယ်မှာ ဘယ်လောက်လှူတယ်ဆိုတာလည်း ပြောစရာမလိုပါဘူး..အပေါ်မှာပြောပြီးပါပြီ မိမိသန္တာန်မှာ ရှိတဲ့ လောဘကိလေသာမီး ဘယ်လောက်ငြိမ်းသွားတယ် ဆိုတာကိုပဲ ကြည့်ရမှာပါ..လူတွေမှာ အမြဲလောင်နေတဲ့ လောဘမီးတွေဟာ ဒါနပြုတဲ့အချိန်မှာ ငြိမ်းသွားတယ်...တစ်ခါလှူရင် မိမိမှာရှိတဲ့ လောဘတစ်ခါသေပါတယ်..လောဘရှိနေတဲ့ သူဟာ ဒါနပြုလို့မရနိုင်ပါဘူး..
လောဘနှစ်မျိုးရှိပါတယ် သမလောဘနဲ့ ၀ိသမလောဘဆိုပြိး နှစ်မျိုးရှိပါတယ်..သမလောဘဆိုတာ ညီမျှတဲ့လောဘပါ ..၀ိသမလောဘဆိုတာကတော့ မတရားရပြိးယူတဲ့ လောဘပါ ခိုးခြင်းနဲ့လည်း တူပါတယ်..အဲဒီဝိသမလောဘရှိတဲ့ သူဟာ ဖြစ်လေရာဘ၀မှာ သူရဲ့ စည်းစိမ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတက်ပါတယ်..ဒါကြောင့် အဲလို ၀ိသမလောဘမရှိအောင်တော့ အတက်နိုင်ဆုံး ထိန်းသိမ်းသင့်ပါတယ်...
ဒါနကလည်း ၂ မျိုးရှိပါတယ် ပါရမီ ထိုက်တဲ့ဒါန နဲ့ ပါရမီ မထိုက်တဲ့ ဒါန ဆိုပြီးဖြစ်ပါတယ်..ပါရမီထိုက်တဲ့ ဒါနဆိုတာ လုံးဝမိမိကောင်းကျိုးကို ထည့်မတွက်ဘူး အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ပဲကြည့်ပါတယ်..တဏှာမပါဘူး ငါမပါဘူး ငါချမ်းသာဖို့မပါဘူး အဲလိုစိတ်နဲ့ ပြုတဲ့ ဒါနဟာ ပါရမီ ထိုက်တဲ့ဒါနဖြစ်ပါတယ်..ပါရမီမထိုက်တဲ့ ဒါနကတော့ နောက်ဘ၀ချမ်းသာချင်လို့ လှူတာ နာမည်ကြီးချင်လို့လှူတာ လူသိများချင်လို့လှူတာ အဲလိုအလှူမျိုးတွေကို သာသနာပ အလှူလို့ခေါ်ပါတယ် နိဗ္ဗာန်မရနိုင်ပါဘူး..လိုချင်တဲ့စိတ်နဲ့လှူနေသမျှ နိဗ္ဗာန်မရနိုင်ပါဘူး..ငါကောင်းစားဖို့လှူတာဆိုရင် ငါဆိုတာ ဒိဋ္ဌိ ကောင်းစားဖို့ဆိုတာ လောဘ... ဒိဋ္ဌိ နဲ့လောဘ ဥိးဆောင်မှတော့ ဘယ်လိုမှ နိဗ္ဗာန်ရနိုင်စရာ အကြောင်းမရှိပါဘူး..အဲလိုစိတ်နဲ့ ဒါနပြုတာဟာ ပါရမီမထိုက်တဲ့ ဒါနဖြစ်တယ်..ဒီလောက်ဆိုရင် ဒါနပြုရခြင်းအကြောင်းကို တော်တော်ရှင်းလောက်ပါပြီ..ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံး ပါရမီထိုက်တဲ့ ဒါနကိုပြုနိုင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ.........'

စိတ်တိုင်းမကျ ဖြစ်ခဲ့ကျလျှင်

ဘုန်းဘုန်းမှာ မရှိသင့်တဲ့ မကောင်းတဲ့ အကျင့်လို့ပဲ ပြောရမလား မသိဘူး။ “အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန် လုပ်တတ်တဲ့အကျင့်၊ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့အကျင့် ပြီးတော့ သူများလုပ်ရင်လည်း စိတ်တိုင်းမကျတတ်တဲ့ အကျင့်” စတဲ့ အကျင့်လေးတွေ ရှိနေပါတယ်။ အကျင့်ဆိုတာ စရိုက်ပဲ ဖြစ်တဲ့အတွက် ဘုန်းဘုန်းရဲ့ ဒီအကျင့်လေးတွေဟာ မွေးကတည်းက ပါလာတဲ့ စရိုက်လို ဖြစ်နေတာပါ။ ကိုယ့်ကိုယ်ကို သတိပြုကြည့်တဲ့အခါ တစ်ခါတစ်လေ သဒ္ဓါစရိုက်လေးတွေ အားကောင်းနေတတ်သလို၊ တစ်ခါတစ်လေလည်း ရာဂစရိုက်လေးတွေ အားကောင်းနေတတ်တာကို တွေ့ရပါတယ်။ ရာဂစရိုက်နဲ့ သဒ္ဓါစရိုက်က သဘောသွားချင်း ခပ်ဆင်ဆင်လေးပါ။ ဒီလိုစရိုက်တွေ ရှိတဲ့သူဟာ ရတနာသုံးပါး အပေါ်မှာ ကြည်ညိုမှု အားကောင်းတတ်သလို၊ သန့်သန့်ရှင်းရှင်းနဲ့ လှလှပပလေးတွေ၊ ကိလေသာ ဖြစ်စရာလေးတွေ အပေါ်မှာလည်း တပ်မက်နေတတ်ပြန်ပါတယ်။ ဒီစရိုက်ကြောင့်ပဲလား မသိဘူး။ အလုပ်တစ်ခုခုကို သေသေသပ်သပ် လုပ်နေမိတတ်သလို သူများက လုပ်ပေးလာလို့ မသေမသပ် ဖြစ်နေရင်၊ ခိုင်းတဲ့အတိုင်း ချက်ချင်းမြန်မြန်ဆန်ဆန် မလုပ်ရင် စိတ်ထဲမှာ ဘဝင်မကျဘဲ အလိုလို စိတ်တိုင်းမကျကို ဖြစ်နေတော့တာ ဖြစ်ပါတယ်။

ခုနောက်ပိုင်းတော့ ဒီအကျင့်ကို သတိကပ်ပြီး ထိန်းထိန်းသိမ်းသိမ်း နေနိုင်အောင် ကြိုးစားကြည့်တာ အရင်ကလောက် မဆိုးဘူးလို့ ထင်ရပါတယ်။ စိတ်အလိုမကျ ဖြစ်ခဲ့ရင်လည်း အသိသတိကပ်ပြီး သည်းခံတတ်တဲ့ အကျင့်လေးတွေနဲ့ တဖြည်းဖြည်း ရင့်ကျက်လာတာကို ကိုယ့်ကိုယ်ကို သတိထားမိလာပါတယ်။ တစ်ခါတစ်လေ စရိုက်အကျင့်လေးတွေ မကောင်းပေမယ့် ကောင်းတဲ့ အကျင့်လေးတွေနဲ့ ပြုပြင်ကြည့်တဲ့အခါ အကျင့်ဆိုးလေးတွေ တဖြည်းဖြည်း ပြောင်းလာတယ် ဆိုတာကို ကိုယ့်တွေ့နဲ့ယှဉ်ပြီး သဘောပေါက်လာမိပါတယ်။ အထူးသဖြင့် စိတ်တိုင်းမကျတဲ့ အခါတွေမှာ ကိုယ့်ကိုယ်ကိုယ် ဖြေဆည်ပြီး သက်သောင့်သက်သာဖြစ်အောင် လေ့ကျင့်လာနိုင်တာလေးတွေဟာ ဘဝအတွက်တော့ တကယ့်ကို တန်ဘိုးမဖြတ်နိုင်တဲ့ အမြတ်တစ်ခုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ စိတ်အလိုမကျတဲ့အခါ၊ ကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့အခါ ခံစားရတဲ့ စိတ်အစဉ်နဲ့ ပြောင်းလွဲသွားတဲ့ အမူအရာ အသွင်အပြင်တွေဟာ ခုနောက်ပိုင်းတော့ သိသိသာသာ လျော့နည်းလာတယ်လို့ ခံစားမိပါတယ်။ အဓိကကတော့ စိတ်တိုင်းမကျတဲ့အခါ ဖြေဆည်လာတတ်တဲ့အတွက် ကိုယ့်ကိုယ်တိုင် သက်သောင့်သက်သာ ဖြစ်လာတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် ပုထုဇဉ်တွေဟာ စိတ်တိုင်းမကျတာတွေကြောင့် နေ့စဉ်နဲ့အမျှ ပင်ပန်းနေကြတာတွေက အများကြီးပါပဲ။ ထစ်ခနဲဆို စိတ်အလိုမကျဖြစ်လိုက်၊ ဗြုန်းကနဲဆို စိတ်တိုင်းမကျ ဖြစ်လိုက်နဲ့ တစ်ခါတစ်လေ ဘာကြောင့်လဲလို့ ပြန်တွေးကြည့်ရင် အကြောင်းပြစရာ မရှိတဲ့အဖြစ်ပါ။ တစ်ယောက်တည်းနေလည်း စိတ်တိုင်းမကျဖြစ်နေတတ်သလို၊ အများနဲ့ နေတဲ့အခါတွေမှာလည်း စိတ်တိုင်းမကျတာတွေက ဖြစ်ဖြစ်နေကြပြန်ပါတယ်။ နေချင်တဲ့သူနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြပြန်သလို မနေချင်တဲ့သူတွေနဲ့ အတူနေရတော့လည်း စိတ်တိုင်းမကျ ဖြစ်ကြရပြန်ပါတယ်။ ကိုယ့်ဖာသာကိုဖန်တီး ကိုယ့်ဖာသာကိုယ် လုပ်နေတဲ့ အလုပ်တွေမှာတောင် စိတ်တိုင်းမကျတာတွေ ဖြစ်ဖြစ်နေပြီး တစ်ယောက်တည်း ဒေါသဖြစ်လိုက်၊ အော်လိုက်ဟစ်လိုက် လုပ်နေကြတာတွေ ရှိသလို ကိုယ်ခိုင်းလို့ အဆင်မပြေပြန်ရင်လည်း စိတ်တိုင်းမကျဖြစ်ပြီး ဆူလိုက်ဆဲလိုက် လုပ်ဖြစ်နေပြန်ပါတယ်။ ကိုယ်ပဲလုပ်၊ ကိုယ်ပဲခိုင်းပြီး ကိုယ်ပဲစိတ်တိုင်းမကျ ဖြစ်နေတတ်တာဆိုတော့ ခံစားရတော့လည်း ကိုယ်ပဲဖြစ်နေတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ့်အလိုအတိုင်း မဖြစ်ရာက စိတ်တိုင်းမကျဖြစ်ပြီး ကိုယ်ကိုယ်တိုင်ပဲ ဒုက္ခလှလှတွေ့ကြရတာ ဖြစ်ပါတယ်။

အမှန်တော့ သေချာတွေးကြည့်ရင် စိတ်တိုင်းကျဖို့ဆိုတာ သူများတွေအပေါ်မှာ မပြောနဲ့ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်စိတ်တိုင်းကျ မဖြစ်တာတွေက အများကြီးပါပဲ။ တစ်နေ့ကုန်လို့ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြည့်ရင် စိတ်တိုင်းကျတာတွေက များသလား၊ စိတ်တိုင်းမကျတာတွေက များသလားဆိုရင် စိတ်တိုင်းမကျတာတွေကပဲ များနေတတ်ပါတယ်။ ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ ကိုယ့်အလုပ်တွေမှာ စိတ်တိုင်းမကျ ဖြစ်နေတတ်ခဲ့သလို ကိုယ့်အခြေအနေနဲ့ ကိုယ့်အရှိလေးတွေအပေါ် စိတ်တိုင်းမကျ ဖြစ်နေတတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းမကျ ဖြစ်နေကြတာဆိုတော့ သူတပါးအပေါ်မှာ၊ သူတပါးနဲ့ ပတ်သက်တာတွေမှာ ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာက ပိုလိုတောင် ဆိုးသွားတဲ့ အနေအထားပဲ ဖြစ်ပါတယ်။
တစ်ခါတစ်လေ ဘဝမှာ ဖြစ်တတ်တာလေးတွေ ရှိပါတယ်။ ကိုယ်တန်ဘိုးထားတဲ့ သူ၊ ကိုယ်တန်ဘိုးထားတဲ့ အရာတွေကို ကိုယ်ကကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်တာလေးတွေပါ။ ကိုယ်ထားသလိုနေ၊ ကိုယ်ပြောသလိုလုပ် ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုယ့်သဘောအတိုင်း မဖြစ်တာတွေက အများကြီးပါပဲ။ လိုချင်တာတွေ၊ ဖြစ်စေချင်တာတွေ များလေလေ၊ စိတ်တိုင်းမကျတာတွေက များနေလေပဲ ဖြစ်ပါတယ်။ သူများမပြောနဲ့ ကိုယ်ကိုယ်တိုင်လည်း လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရချင်မှုတွေ များနေတဲ့အခါ ထင်တိုင်းမဖြစ်လို့ စိတ်ညစ်ရတာတွေ၊ စိတ်တိုင်းမကျ ဖြစ်ရတာတွေ၊ အလိုမကျ ဖြစ်ရတာတွေ အများကြီး ရှိနေတတ်တာကို သတိပြုကြည့်ရင် သိနိုင်ပါတယ်။

ဆိုတော့ကား ဒီလိုစိတ်တိုင်းမကျ ဖြစ်ရတာဟာ ဘာကြောင့်လဲလို့ စဉ်စားကြည့်တော့ လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ ရောင့်ရဲတင်းတိမ်နိုင်ခြင်း မရှိမှုတွေ၊ နှလုံးသွင်း မမှန်ကန်မှုတွေကြောင့်လို့ပဲ ယေဘုယျ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင်က ဖြစ်ချင်လိုချင်မှုတွေများနေသမျှ၊ တင်းတိမ်ရောင့်ရဲနိုင်တဲ့ အကျင့်လေးတွေနဲ့ မနေနိုင်သေးသမျှ၊ အကုသိုလ်မဖြစ်အောင်၊ အပြစ်မဖြစ်အောင် တွေးမြင်တတ်တဲ့ အကျင့်လေးတွေ နည်းနေသမျှ ကိုယ့်ကိုယ်ကိုလည်း အလိုကျမှာ၊ စိတ်တိုင်းကျမှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်က စိတ်တိုင်းမကျရင် ကျန်တဲ့သူတွေ ဘာပဲလုပ်ပေးလုပ်ပေး စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာလည်း မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ စိတ်ဆိုတာ အချိန်မရွေး ပြောင်းလဲဖြစ်ပျက်နေတတ်တဲ့ သဘောရှိတဲ့အတွက် အမျိုးမျိုး ဖြစ်နေတဲ့ ဒီစိတ်အစဉ်တွေရဲ့ အလိုအတိုင်း တစ်ထပ်ကျဖို့ဆိုတာက သာမန်လူတွေ အနေနဲ့ တကယ့်ကို မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ စိတ်ဟာ လွှတ်ထားရင် လွှတ်ထားတဲ့အလျောက် အဆင်းတွေနောက်၊ အသံတွေနောက်၊ အနံ့တွေနောက်၊ အရသာတွေနောက်၊ အထိအတွေ့တွေနောက်၊ အတွေးအကြံတွေနောက် တကောက်ကောက် လိုက်နေတတ်တဲ့ သဘောရှိတဲ့အတွက် သူဆွဲသွားတဲ့ အာရုံတိုင်းရဲ့ နောက်ကိုသာ လိုက်နေလို့ကတော့ ဘယ်တော့မှ စိတ်တိုင်းကျတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ စိတ်အလိုပြည့်တယ်၊ စိတ်ကျေနပ်တယ်ဆိုတာ မရှိနိုင်ပါဘူး။

အဲဒီလိုဆိုတော့ စိတ်ကိုသူ့သဘောအတိုင်း လွှတ်ထားရင် ကျေနပ်နှစ်သက်မှုဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် သူ့သဘောအတိုင်း မထားဘဲ ကိုယ့်ရဲ့အသိသတိနဲ့ပဲ ဒီစိတ်ကို ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင်၊ စိတ်တိုင်းမကျတာတွေ လျော့နည်းလာအောင် ကြိုးစားအားထုတ်ကြည့်ရမှာ ဖြစ်ပါတယ်။ သူဆွဲသမျှ အာရုံတွေနောက်ကို မရောက်သွားရအောင် ကိုယ့်ကိုယ်ကိုပဲ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖြေဆည်ဖို့ဆိုတော့ အဓိကလုပ်ရမှာက စိတ်ကိုသတိကပ်နိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ စိတ်ကို သူဆွဲဆောင်ရာ အာရုံတွေနောက်ကို လိုက်မသွားမိအောင် ထိန်းဖို့ပဲဖြစ်ပါတယ်။ မြင်သမျှအရာတွေ၊ ကြားသမျှအသံတွေ၊ နံသမျှအနံ့တွေ၊ ခံစားသမျှ အရာသာတွေ၊ တွေ့ထိသမျှ အထိအတွေတွေ့မှာ သတိလက်လွတ် မခံစားမိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ အာရုံတွေနောက်ကို သတိလွတ်ပြီး လိုက်ခံစားမိလို့ စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း အချိန်မီသတိဝင်ကာ “အရာအားလုံးဟာ ကိုယ်ဖြစ်ချင်သလို မဖြစ်ဘဲ သူ့သဘော သူဆောင်နေပြီး အတ္တဆိုတာ မရှိ၊ အနတ္တပဲ ရှိတယ်” ဆိုတဲ့အချက်ကို အထပ်ထပ်နှလုံးသွင်းပြီး အကြိမ်ကြိမ် ဖြေဆည်နိုင်အောင် ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါ “ငါဆိုတာမရှိ၊ ငါ့ဥစ္စာဆိုတာ၊ ငါပိုင်ဆိုင်တယ်ဆိုတာ မရှိတဲ့ လောကကြီးမှာ ငါ့သဘောအတိုင်း ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း” သတိပြုဆင်ခြင်ပြီး ဖြေဆည်ကြည့်ရမှာ ဖြစ်သလို သူတပါးကို အကြောင်းပြုပြီး စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုနဲ့ ချိန်ထိုးကြည့်ကာ “ကိုယ်ကိုယ်တိုင်တောင် ကိုယ့်သဘောအတိုင်း မဖြစ်တာ၊ သူတပါးတွေကို ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” စသဖြင့် အသိသတိနဲ့ ဖြေဆည်ကြည့်ရမှာ ဖြစ်ပါတယ်။ အားလုံးကိုခြုံပြီး ဖြေဆည်ကြည့်ဖို့ကတော့ “သတိကပ်ပြီး စိတ်ကိုအာရုံတွေနောက် မလိုက်နိုင်အောင် ထိန်းချုပ်ကာ ဖြေဆည်ကြည့်ကြဖို့ပဲ” ဖြစ်ပါတယ်။

ဆိုလိုတာက ကိလေသာထူပြောလှတယ် လောကကြီးမှာ ကိလေသာတရားတွေနဲ့ နပန်းလုံးနေရတဲ့ သတ္တဝါများ အနေနဲ့ လိုချင်ဖြစ်ချင်တာတွေ များနေသမျှ၊ ကိုယ့်အတိုင်းအတာနဲ့ကိုယ် သက်သောင့်သက်သာ ဖြစ်အောင် တင်းတိမ်ရောင့်ရဲခြင်း မလုပ်နိုင်သေးသမျှ၊ တွေ့ကြုံလာသမျှ အရာတွေအပေါ်မှာ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းပြီး မနေနိုင်သေးသမျှ စိတ်တိုင်းမကျတာတွေ၊ အလိုမကျတာတွေ ဆိုတာ ရှိနေကြမှာဖြစ်ပြီး အဲဒီလို စိတ်အလိုမကျမှုတွေ ရှိနေသမျှ ကိုယ်စိတ်ဆင်းရဲမှုတွေလည်း ရှိနေကြဦးမှာ ဖြစ်တဲ့အတွက် ဒီလိုစိတ်အလိုမကျမှုတွေကနေ အထိုက်အလျောက် သက်သောင့်သက်သာဖြစ်ဖို့ ကိုယ့်ကိုယ်ကိုသာ အသိသတိနဲ့ ဖြေဆည်နိုင်အောင် ကြိုးစားရင် အာရုံတွေနောက်ကို စိတ်မလိုက်ဖြစ်အောင် လေ့ကျင့်နေထိုင်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် စိတ်အလိုမကျမှုတွေ ခဏခဏ ဖြစ်တတ်ကြတဲ့ ဘုန်းဘုန်းအပါအဝင် လောကီဘုံသား သတ္တဝါများအနေနဲ့ နေရတဲ့အခိုက်မှာ စိတ်အလိုမကျဖြစ်တိုင်း ခံစားရတဲ့ ကိုယ်စိတ်ဒုက္ခတွေကနေ အထိုက်အလျောက် သက်သာမှုတွေ ဖြစ်စေဖို့ စိတ်ကိုသူ့အလိုအတိုင်း လွတ်မထားဘဲ အာရုံတွေနောက်ကို ဒီစိတ်က လိုက်မသွားခင် ကိုယ့်အနေနဲ့ အသိသတိဦးပြီး ကိုယ့်စိတ်ကို အမြန်ဆုံး ထိန်းချုပ်ကာ ဖြေဆည်နိုင်အောင်သာ အကြိမ်ကြိမ် ကြိုးစားကြည့်ကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။



Sunday, February 26, 2012

ဗုဒ္ဓ၏ အဆုံးအမ

"ဟန္ဒဒါနိဘိက္ခဝေ အာမန္တယာမိဝေါ
ဝယဓမ္မာသင်္ခါရာ အပ္ပမာ ဒေနသမ္ပာဒေထ။
ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့သည်
ပျက်စီးခြင်းသဘောရှိကြကုန်၏။
မမေ့ မလျော့ မပေါ့ မဆသော
ဝိပဿနာသတိတရားဖြင့် ပြည့်စုံစွာနေရစ်ကြလော့။"
"အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာလျှင် မိမိကိုးကွယ်အားထားရာ။"
"ယောခေါ ၀က္ကလိဓမ္မံ နပဿတိ သောမံနပဿတိ။
ဝက္ကလခန္ဓာ နာမ်ရုပ်တရားကို မမြင်သောသူသည် ငါဘုရားကို မမြင်။"
"ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿန္တော ဥဒယဗ္ဗယံ။
လူတစ်ယောက်ဟာ အသက်တစ်ရာနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မမြင်ဘူး (မသိဘူး) ဆိုရင် မမြတ်ဘူး။
လူတစ်ယောက်ဟာ တစ်ရက်တည်းနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မြင်ရတယ် (သိတယ်) ဆိုရင် မြင့်မြတ်ပါတယ်။"
"သေခြင်းတရားသည် ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်မှာ ရောက်လာနိုင်တယ်လို့ ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါတယ်။"

ကိုယ့်ကိုအများဆုံးစိတ်ဆင်းရဲအောင် လုပ်သူ(သို့) သတိနဲ့ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၄)

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေ မှားနေလို့၊ ကိုယ့်စိတ်ကို ကိုယ်နားမလည်လို့၊ ကိုယ့်စိတ်ကို ကိုယ်တည်ငြိမ်အောင်၊

အေးချမ်းအောင် မထားတတ်လို့၊ အဲဒီစိတ်က အတွေးတွေ အမျိုးမျိုးတွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။ တရားအားထုတ်ပြီးတော့နေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေဖြစ်နေတယ်။



ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က ရန်သူပဲ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒီစိတ်က မိတ်ဆွေပဲ။ ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ အင်မတန်မြင့်မားတဲ့ စိတ်ဓါတ်အရည်အသွေးတွေ ရှိလာလိမ့်မယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ တကယ်ဖြစ်သွားပြီဆိုရင် အဲဒီလူဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေသွားလို့ ရပြီ။ ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ရာခိုင်နှုန်းပြည့် တကယ်ဖြစ်မယ်ဆိုရင် တရားကိစ္စလမ်းဆုံးတဲ့ ထိအောင် ရောက်နိုင်ပါတယ်။




“ Everything that crosses the mind, wears and tears the mind ” စိတ်ထဲကို ဖြတ်သန်းသွားတဲ့အရာ မှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေတယ်။ လူတွေဟာ အတွေးများလွန်းလို့ စိတ်ဓါတ် energy စိတ်ဓါတ်အင်အားတွေ အများကြီး ကုန်ဆုံးသွားတယ်နော်။ အတွေးအတောထဲမှာ ငေးမောပြီးတော့ မနေပဲ ဖြစ်နိုင်သလောက်၊ ရနိုင်သလောက် ပစ္စုန်ပ္ပန်တည့်တည့်မှာ သတိကပ်ပြီး နေမယ်ဆိုရင် စိတ်ပင်ပန်းမှု မရှိတော့ဘူး။ စိတ်ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ တစ်နေ့တာကုန်သွားမယ်။

သင့်အတွေးတွေက သင့်ကို ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင်လည်း လုပ်လို့ရတယ်။ သင့်ကို ပျက်စီးသွားအောင်လည်း လုပ်လို့ရတယ်။ စိတ်ချမ်းသာအောင်၊ အားတက်နေအောင်လည်း လုပ်နိုင်တယ်။ စိတ်ဆင်းရဲအောင်၊ စိတ်ဓါတ်ကျနေအောင်လည်း လုပ်နိုင်တယ်။



လူတွေကတော့ ထင်တာပေါ့။ အဆင်မပြေမှုတွေ များနေလို့ စိတ်ဆင်းရဲတာပါလို့။ အဲဒီအဆင်မပြေမှုက ဘယ်အချိန်ကျမှ အကုန်လုံး ပျောက်သွားမှာလဲ၊ ဘ၀ရှိသေးသရွေ့ကတော့ ဘယ်တော့မှ အကုန်လုံး ပျောက်မသွားနိုင်ဘူး။ အနဲနဲ့အများတော့ ရှိဦးမှာပဲ။ ဒါပေမယ့် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ တရားအားထုတ်ပြီးတော့ ကြည်လင်အောင်၊ သန့်ရှင်းအောင်၊ အေးချမ်းအောင်၊ မြင့်မြတ်အောင် ထားတတ်လာပြီး စိတ်က ကောင်းတာလုပ်ဖို့ပဲ အတွေးများလာတဲ့အခါမှာ ဘ၀မှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေဟာ တဖြေးဖြေးနဲသွားတယ်။



တွေးတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် (process)ကို သေသေချာချာ စိတ်ဝင်စားပြီးတော့ ကြည့်ပါ။ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဟာ အတွေးပဲ။ အတွေးဟာ အင်မတန် နက်နဲကျယ်ပြန့်တယ်။ တစ်လောကလုံး ဒီလောက် ဆန်းပြားနေတာ အတွေးကြောင့်ပဲနော်။

တွေးတဲ့အခါမှာ အတွေးနဲ့အတူ စိတ်ထဲမှာ ဘယ်လိုခံစားမှုတွေ ဖြစ်လာသလဲဆိုတာ သိအောင်လုပ်ပါ။ ဒီကိလေသာတွေဖြစ်လာတဲ့အခါ ချက်ချင်းကြီး ဖျောက်ပစ်ဖို့ မကြိုးစားပါနဲ့။ သူတို့ရဲ့ သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော့ သေသေချာချာကြည့်ပါ။ သူတို့နဲ့အတူတူ ပါလာတဲ့ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကိုလည်း တွေ့ရလိမ့်မယ်။ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောကို မြင်ပါများလာရင် ကိလေသာတွေကို မွေးမထားတော့ဘူး။ သူရဲ့သဘောသဘာဝတွေကို သိရင်းသိရင်းနဲ့ အသိဉာဏ် ရင့်ကျက်လာပြီး တဖြည်းဖြည်း သူ့ဟာသူ အားနဲ သွားတာပါပဲ…။



အဲဒီတော့ သူ့ရဲ့ သဘောသဘာဝတွေကို သိဖို့ အင်မတန် အရေးကြီးပါတယ်။ နာမည်တွေ ခဏဖယ်ထားပြီးတော့ အာရုံပေါ်မှာ ခံစားပြီး သိလို့ရတာလေးကိုပဲ သိနေဖို့ အရေးကြီးတယ်။ ထွက်လေ ၀င်လေမှာ ၀င်လာတဲ့လေဟာ အေးနေတယ်။ ပြန်ထွက်သွားတဲ့လေဟာ နွေးနေတယ်။ မတူတာလေးကို မတူမှန်းသိဖို့ လိုတယ်။ မတူမှန်းကို သိနေလို့ရှိရင် သတိပိုကောင်းလာတယ်။ သမာဓိ ပိုကောင်းလာတယ်။

အာရုံကို ထိထိမိမိ သိသွားတဲ့အခါမှာ အာရုံပေါ် ပိုပြီးတော့ စိတ်ဝင်စားမှုရှိတယ်။ အာရုံကို သေသေချာချာ မသိတဲ့ အချိန်မှာ စိတ်ရဲ့သဘာဝဟာ တခြားအာရုံတစ်ခုခုကို ရှာချင်တယ်။ ဒီအာရုံကို စိတ်မ၀င်စားတော့ဘူး။ ဘာမှ မထူးပါဘူးလို့ ထင်လာတယ်။ တကယ်ထိထိမိမိ လုပ်ရင် ရက်ပိုင်းအတွင်း ထူးပါတယ်။ သမာဓိကောင်းလို့ အရှိန်နဲနဲ ရသွားပြီဆိုရင် စိတ်က သူ့ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ့ဟာသူ အားထုတ်သွားနေတယ်။ စိတ်ထဲမှာလည်း တင်းမနေတော့ဘူး။ လျော့သွားတယ်။ လျော့သွားတယ်ဆိုတာက ၀ီရိယ လျော့သွားတယ်လို့ မဆိုလိုဘူးနော်။ Tension တင်းမာမှု လျော့သွားတာ၊ ခန္ဓာကိုယ်မှာလည်း Tension မရှိတော့ဘူး။ စိတ်မှာလည်း Tension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်နော်။ အဲဒါကိုပဲ ကာယမုဒုတာ၊ စိတ္တမုဒုတာလို့ ခေါ်တာပဲ။ ကိုယ်၏ နူးညံ့ခြင်း၊ စိတ်၏ နူးညံ့ခြင်းဆိုတာ ဖြစ်သွားတယ်။ အဲသည်လို သမာဓိ တော်တော်လေး ကောင်းလာတဲ့အခါမှာ သက်တောင့်သက်သာဖြစ်သွားတော့ အင်မတန်ချမ်းသာ လာတယ်။ ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ - ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်။



“ အရင်တုန်းက စိတ်ဆင်းရဲစရာ တစ်ခုခုရှိလာပြီဆိုရင် သူများကိုပဲ အပြစ်တင်တယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါ့မှာ စိတ်ဆင်းရဲရတယ်လို့ ဒီလို အပြစ်တင်တယ် ” တဲ့။ “ ဒီလို တရားအားထုတ်လို့ စိတ်ချမ်းသာနေတဲ့အခါကျတော့ ဒီစိတ်ကို ကြည့်တဲ့အခါ ပြင်ပက ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်စိတ်ကိုကိုယ် ထားတတ်ရင် ချမ်းသာနေတာပဲဆိုတာ တွေ့ရတယ်” တဲ့။ “ အရင်တုန်းက စိတ်ချမ်းသာမှုဟာ အပြင်မှာ ရှိတယ်လို့ထင်တယ်၊ အခုတော့ စိတ်ချမ်းသာမှုဟာ စိတ်ထဲမှာပဲ ရှိတယ်ဆိုတာကို သိလာတယ် ” တဲ့။

အိပ်ပျော်သွားလို့၊ ဘာမှ မသိတော့လို့ စိတ်ကို အနားပေးလိုက်တဲ့နည်းက သတိမပါဘူး။ ပညာမပါဘူး။ အိပ်မပျော်ပဲနဲ့ကို ကိုယ့်ခန္ဓာမှာဖြစ်နေတဲ့ ရိုးရိုးအာရုံတစ်ခုအပေါ်မှာ စိတ်ကလေးကို ကပ်ထားပြီးတော့ ဘာမှမတွေးပဲနဲ့ သိနေတဲ့အချိန်မှာ စိတ်အနားရတာက ပိုပြီးတော့ နက်နဲတယ်။ အဲဒီလို စိတ်ကို ထားနိုင်လို့ရှိရင် စိတ်ရဲ့အင်အားကလည်း ပိုပြီးတော့ ကြီးမားလာတယ်။



စားရင်းနဲ့လည်း သတိလေးနဲ့ စားလို့ရှိရင် စိတ်ထဲမှာ သဘောကျတာကိုလည်း သိတယ်။ သဘောမကျတာကိုလည်း သိတယ်။ ဒီလို သတိနဲ့စားတဲ့အခါမှာ လောဘကြီးကြီးနဲ့ စားလို့မရတော့ဘူး။ သင့်တော်တဲ့ အစားအစာကို သင့်တော်တဲ့ ပမာဏလောက်ပဲ စားလို့ရတော့တယ်။ ပိုမစားဘူး။ မကြိုက်လို့ရှိရင်လည်း ဒေါသမဖြစ်ဘူး။ ဒီအစားအစာအပေါ်မှာ စိတ်က ဘယ်လိုသဘောထားနေတယ်ဆိုတာကိုပါ သိနေတယ်။ ဒါ တရားအားထုတ်ပြီးသား ဖြစ်နေတယ်။ သိပ်ခက်တာ မဟုတ်ပါဘူး။ ၀ါသနာပါရင် လုပ်လို့ရတယ်။ အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလိုတော်ချင်လာတယ်။ သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်။ ဉာဏ်ပညာ ပိုကြီးလာတယ်။ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်။ အစားအသောက်နဲ့ စိတ်နဲ့၊ အစားအသောက်နဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီအပေါ်မှာ စွဲလန်းမှုလည်း နည်းသွားတယ်။ နောက်နေ့ကျရင် ရှိရင်တော့ စားမယ်။ မရှိရင်လည်း ကိစ္စမရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။

အစားအစာတင်မကဘူး။ ဆေးဝါးလည်း ဒီလိုဘဲ။ မလိုအပ်ပဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။



အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့စိတ်မှာ ခံစားချက်တော်တော်လေး များပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အ၀တ်အစား အထူးအဆန်းတွေ အများကြီး ၀တ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အ၀တ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ ဉာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအ၀တ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်။ ကိုယ်သွားရမယ့်ခရီး၊ ကိုယ့်တွေ့ရမယ့် ပုဂ္ဂိုလ်နဲ့လည်း ဒီအ၀တ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဉာဏ်ကလေး သုံးပြီးတော့ ၀တ်မှာပဲနော်။ အ၀တ်အစားနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာဝါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။

ကိုယ်ဝတ်တဲ့ အ၀တ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါနော်။ အဲဒီလို ဉာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နဲသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ လောဘနဲသွားရင် ဒေါသလည်း နည်းသွားမယ်နော်.....။



Wednesday, February 22, 2012

ခင်ပွန်းကြီးဆယ်ပါးဆယ်ပါး


ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့ တိုင်အောင်
၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးတို့ ၏အပေါ်၌ လည်းကောင်း။
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက-မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ ၏ အပေါ်၌ လည်းကောင်း။
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ ၏ အပေါ်၌ လည်းကောင်း။
၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ ၏ အပေါ်၌ လည်းကောင်း။
ရ။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ လည်းကောင်း။
၈။ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကြံလျှက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာ ပုဂ္ဂိုလ်တို့ ၏ အပေါ်၌ လည်းကောင်း။
၉။ တရား ဓမ္မကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ ၏ အပေါ်၌ လည်းကောင်း။
၁၀။ ထမင်းတစ်လုတ်၊ ရေတစ်မုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့်ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့  ၏ အပေါ်၌ လည်းကောင်း။
ကာယကံ၊၀စီကံ၊မနောကံ သုံးပါးသောကံတို့ ဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့ သည် ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုးလက်ဆုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် အလုံးစုံသောအန္တရာယ်ပေါင်းမှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော သစ္စာတရားလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗါန်သို့ စံဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။

ခင်ပွန်းကြီးဆယ်ပါးပြစ်မှားလျင် သင့်တတ်ဒဏ်ဆယ်ပါး



သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊
ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊

ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊
ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊
တွေ့ကြုံရ၍၊ သေကငရဲ၊ ကမာစွဲ၏။
ဤဒဏ်ဆယ်ပါးအပြင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုလည်း တားနိုင်ပါသည်။

တရားထိုင်နည်း


အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။

 ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။ (မှတ်ချက်….မျက်စိနှင့်ပတ်သက်၍ မြေဇင်းဆရာတော်ဘုရားကြီးက မျက်စိကို မှိတ်ရုံသာမက ပ၀ါကိုပါ စည်းပေးဖို့ ညွှန်ကြားထားသည်။)

နှာသီးဝအဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ၀င်လေဟု မှတ်လိုက်ခြင်းသည် အာနာပါနကမ္မဋ္ဌာန်းတရား အားထုတ်သည်မည်ပါတော့သည်။


ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး တစ်နာရီကျော်ခန့် သို့မဟုတ် ၅-၆ ပတ်ခန့်ထိုင်ပါ။ တစ်ပတ်ဆိုသည်မှာ အဋ္ဌကထာဆရာပြသည့်နည်းအတိုင်း ဂဏန၏အစွမ်းဖြင့် ထွက်လေ၀င်လေ- ၁၊ ထွက်လေ၀င်လေ- ၂၊ ထွက်လေ၀င်လေ- ၃၊ ထွက်လေ၀င်လေ- ၄၊ ထွက်လေ၀င်လေ-၅၊ ထွက်လေ၀င်လေ- ၆၊ ထွက်လေ၀င်လေ- ၇၊ ထွက်လေ၀င်လေ- ၈ ဟု ရေတွက်၍ ရှုမှတ်ပါ။ ရှစ်သို့ ရောက်လျှင် ဘယ်ဘက် ဒူးတွင် မှတ်၍ထားပါ။ ဒုတိယရှစ်ပြီးလျှင် ဘယ်တံတောင်မှာ မှတ်၍ ထားပါ။ တတိယရှစ်ကို ဘယ်ပုခုံး၊ စတုတ္ထရှစ်ကို ဘယ်ချိုစောင်း၊ ပဉ္စမရှစ်ကို ညာချိုစောင်း၊ ဆဋ္ဌရှစ်ကို ညာပုခုံး၊ သတ္တမရှစ်ကို ညာတံတောင်၊ အဋ္ဌမရှစ်ကို ညာဒူးဟု မှတ်သားပြီး ရှုမှတ်အားထုတ်ရမည်။ ဘယ် ၅-ဌာန၊ ညာ ၅-ဌာနအားဖြင့် ၁၀-ဌာနဖြစ်ပါသည်။ ၎င်း ၁၀-ဌာနမှာ တစ်ဝါရ သို့မဟုတ် တစ်ပါတ်ဖြစ်ပါသည်။ တစ်ပါတ်လျှင် အသိအမှတ်ပေါင်း ၈၀-ဖြစ်သည်။ ၅-ပါတ်ပြည့်လျှင် အသိအမှတ်ပေါင်း ၄၀၀-ဖြစ်လေတော့သည်။ ဤကား တစ်ဝါရသာ တင်နိုင်သော ယောဂီများအတွက် ဖြစ်ပါသည်။

အချို့ အလွန်သန့်ရှင်းစွာ အားထုတ်နိုင်သော ယောဂီထူးများလည်း ရှိပါသည်။ တစ်ဌာနလျှင် ရှစ်နှစ်ကြိမ်စီ နှစ်ဝါရတင်၍လည်းကောင်း၊ ရှစ်သုံးကြိမ်၊ လေးကြိမ်စီ သုံးဝါရလေးဝါရတင်၍လည်းကောင်း၊ တချို့ ဆယ်ဝါရအထိတင်၍လည်းကောင်း အားထုတ်နိုင်ကြပေသည်။ ထိုယောဂီတို့မှာ မြန်မြန်ရလွယ်ခြင်း သက်သာခြင်းများဖြစ်၍ သတိမြဲကြရလေသည်။

အထူးမှာ ရှစ်ရောက်အောင် အားထုတ်ရမည်ဆိုသော်လည်း တစ်မှစ၍ ရှစ်အထိ ရေတွက်စဉ် အကြားတွင် မမှားမယွင်း အတွေးမဖက် သန့်ရှင်းစွာအားထုတ်ရေတွက်နိုင်မှသာ ဌာန၀ါရတင်၍ မှတ်ရမည်။ မသန့်ရှင်းဘူးဟုထင်လျှင် အရေအတွက်စာရင်း မသွင်းသင့်ပါ။ တစ်ကပြန်စ၍ ရေတွက်မှတ်ရှုပါ။ အကျယ်ကို သိလိုလျှင် ယောဂီပါရဂူကျင့်စဉ်ကျမ်း၊ ကျွန်ုပ်တို့ရေးသားသော အာနာပါနပါရဂူကျမ်းကြီးများတွင် လေ့လာဖတ်ရှုနိုင်ပါသည်။


အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏” (ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်)

ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏

ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏” (ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်)

အလုံးစုံသော ထွက်သက်ဝင်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်)

အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏” (ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်)

ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)

ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်)

ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် `ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ `ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)

အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် ကမ္မာသဓမ္မနိဂုမ်းတွင် အထက်ပါ သတိပဋ္ဌာန်တရားလေးပါးကို ဟောကြားတော်မူခဲ့သည်။ သတိပဋ္ဌာနသုတ်တွင် မြတ်စွာဘုရားရှင်က သတိပဋ္ဌာန်တရားလေးပါးတို့တွင် တစ်ပါးပါးကို ခုနှစ်ရက်အားထုတ်ရုံမျှဖြင့် အရိယာဖြစ်နိုင်ကြောင်း မိန့်ကြားတော်မူထားသည်။ ထိုစကားတော်ကို ယုံကြည်ပါသလော။ ယုံကြည်လျှင်အာနာပါနဟာ သမထဖြစ်တယ်၊ သတိပဋ္ဌာန်မဟုတ်ဘူး၊ မဂ်ဖိုလ်ရကြောင်း မဟုတ်ဘူး၊ အာနာပါနနှင့် နိဗ္ဗာန်ရတယ်ဆိုတာ မဟုတ်ပါဘူးဟု ပညာရှင်အခေါ်ခံသူများကိုယ်တိုင် ပြောကြားသံကို ကြားရပါသည်။ တချို့လူများကအာနာပါနက သာသနာပမှာ လုပ်တာ၊ ကျုပ်တို့က သတိပဋ္ဌာန်အလုပ်ကိုမှ ဘုရားအကြိုက်၊ မဂ်ဆိုက်၊ ဖိုလ်ဆိုက် လုပ်ချင်တာဟု ပြောနေကြသံများကိုလည်း ကြားရသည်။

ထိုသူတို့၏ အမှန်တကယ် မသိမှုတွေကြောင့်လော မပြောတတ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်၊ ဆတော်ဟောမှ တရားမှန်တယ်ဟူသော စကားအတိုင်း ပေါ်ဦးလည်း လူတိုင်းထဲကပါပဲဘုရားဆိုသကဲ့သို့ ဖြစ်နေသည် ထင်ပါသည်။ အာနာပါနသည် ကာယာနုပဿနာရှုနည်း (၁၄)မျိုးအနက် တစ်ပါးအပါအ၀င်ဖြစ်သည်။ ပါသည်မှ နံပါတ် ()အဖြစ် ပါဝင်သည်။ မြတ်စွာဘုရှားရှင်ကိုယ်တော်တိုင် အားထုတ်ခဲ့သော တရားဖြစ်သောကြောင့် ရှေ့ဆုံးကထား၍ ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ အာနာပါနကျင့်စဉ်ကို သတိပဋ္ဌာန်မဟုတ်သယောင် ပြောနေကြခြင်းသည် ဘုရားစကားတော်ကို တော်လှန်နေကြခြင်းသာ ဖြစ်သည်။ အာနာပါနသတိပဋ္ဌာန်ကို ကြိမ်ဖန်များစွာ အားထုတ်ကြိုးပမ်းခြင်းအားဖြင့် သတိပဋ္ဌာန်လေးပါးလုံးကို ပြည့်စေနိုင်ပါသည်။

ဝိသုဒ္ဓိမဂ်တွင်လည်းအာနာပါနကမ္မဋ္ဌာန်းကို ပွားများ၍ အာနာပါနကမ္မဋ္ဌာန်းမှ ရအပ်ပြီးသော ဈာန်လေးပါးလျှင် အရင်းခံရှိသော သမထယာနိက၀ိပဿနာဖြင့် ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်လိုသော အမျိုးကောင်းသားတို့သည် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်၏ဟု မိန့်ဆိုထားပါသည်။


မီးတစ်ဆယ့်တစ်ပါး ၀ဋ်ဆင်းရဲတရားတို့မှ ထွက်မြောက်လိုသောကြောင့် သမထ၊ ၀ိဿနာတရားအားထုတ်ကြရာ၌ နိဗ္ဗာန်သွားရောက်နိုင်သော ယာဉ်()မျိုး ရှိပေသည်။ ထိုနှစ်မျိုးတို့တွင် တစ်ခုခုသောယာဉ်ဖြင့် သွားမှသာလျှင် ဧကန်မုချ မဂ်တံခါး၊ ဖိုလ်တံခါးသို့ ဆိုက်ရောက်နိုင်ပေသည်။ ထိုယာဉ်()ဟူသည်မှာ

၁။ သမထယာနိက

၂။ သုဒ္ဓ၀ိပဿနာယာနိကတို့ဖြစ်ပါသည်။ အဆူဆူသောဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါများ၊ အဂ္ဂသာဝကအရှင်မြတ်များ…..စသော သံသရာတစ်ဖက်ကမ်းသို့ အရောက်ကူးသွားကြသူတိုင်း ဤယာဉ်နှစ်မျိုးဖြင့်သာ ကူးသွားခဲ့ကြသည်။ ဤယာဉ်နှစ်မျိုးမှတစ်ပါး အခြားနည်းလမ်း မရှိတော့ပြီ။ မိမိကြိုက်နှစ်သက်ရာတစ်ခုခုကို ရွေးချယ်၍ သွားကြရလေသည်။ ဥပမာအားဖြင့် အမေရိကန်၊ ပြင်သစ်နိုင်ငံကြီးများသို့ ရေလမ်းက သင်္ဘောဖြင့်ဖြစ်စေ၊ လေလမ်းက လေယာဉ်ဖြင့်ဖြစ်စေ သွားနိုင်သကဲ့သို့ ဖြစ်သည်။ ထိုနှစ်မျိုးတို့တွင် တစ်မျိုးကို ရွေးချယ်၍ သွားရောက်နိုင်ပေသည်။ မည်သည့်နည်းဖြင့်သွားသွား နိဗ္ဗာန်ရောက်သည်ဖြစ်စေ၊ မဂ်ရသည်ဖြစ်စေ အကျိုးကား အတူတူပင် ဖြစ်ပါသည်။

သမထယာနိကလမ်းသွားလိုပါက (၃၈)ပါးသော သမထတို့တွင် ဆရာရှာ၍ ဆရာပြသည့်အတိုင်း အားထုတ်ရမည်။ ဆရာညွှန်ပြသည့်အတိုင်း ပထမဈာန်၊ ဒုတိယဈာန်စသည့် အပ္ပနာဈာန်များကို ပါဒက၊ သမသိတ၊ ပုဂ္ဂလဇ္ဈာသယတို့၏အစွမ်းအားဖြင့် ရုပ်နာမ်ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ဆိုက်ရောက်အောင် အားထုတ်ကြသည်။ အချို့မှာ အပ္ပနာဈာန်များကို ရအောင်အားမထုတ်တော့ဘဲ ဥပစာရဈာန်မှထ၍ ရုပ်နာမ်တို့ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ရအောင် အားထုတ်ကြသူများလည်း ရှိပါသည်။ သို့ဖြစ်၍ သမထယာနိကနည်းတွင်ပင် အမျိုးမျိုး အားထုတ်ကြသည်များ ရှိသည်။

သမထယာနိကဟူသည်မှာ သမထပဋိဘာဂနိမိတ်ကို အားထုတ်ပြီးနောက် ၀ိပဿနာကို စီးဖြန်းအားထုတ်ရသောနည်း ဖြစ်သည်။ ၀ိပဿနာယာနိကဟူသည်မှာ သမထပိုင်းကို လုံးဝအားထုတ်မှုမပြုဘဲ ၀ိပဿနာသက်သက်ကိုသာ အားထုတ်ရသောနည်းဖြစ်ပေသည်။ (၀ိသုဒ္ဓိမဂ်၊ မဟာဋီကာ - ၂၊ နှာ - ၃၅၀။ ၃၅၁)

ပထမနည်း သမထယာနိကဖြင့် အားထုတ်လိုလျှင် အာကာသကသိုဏ်းနှင့် အာလောကကသိုဏ်းဟူသော သမထနှစ်မျိုးမှတစ်ပါး ကျန် (၃ဂ)ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်မျိုးမျိုးကို မူတည်အားထုတ်ပြီး ဥပစာရဈာန် သို့မဟုတ် အပ္ပနာဈာန်ရအောင် အားထုတ်ရသည်။ ဤကျမ်းတွင် အာနာပါန၏ ငြိမ်းစေဘိဟူသော ဥပစာရဘာဝနာမှ ၀ိပဿနာကူးပုံကို ပြသထားပါသည်။

ဤနေရာ၌ အချို့ဆရာတို့က `သမထဟာ နိဗ္ဗာန်ကို မရနိုင်၊ မဂ်မရနိုင်´ဟု ပြောလည်း ပြောရဲ၏။ ရေးလည်း ရေးရဲကြ၏။ သမထကို သာသနာပတရားဟူ၍တောင် စွပ်စွဲလိုက်ကြသေး၏။ ဤအချက်၌ သတိထားပါ။ ကျွန်ုပ်တို့ရွာက စံဖြိုးကြီးတွင် ပိုက်ဆံတစ်ပဲတည်းသာ ရှိလေသည်။ တစ်နေ့ ထိုပိုက်ဆံတစ်ပဲနှင့် မုန့်ဆိုင်သို့သွားပြီး မုန့်တစ်ခုကို ၀ယ်စားခဲ့သည်။ ထို့နောက် သူတစ်ပါးအား ပြောပြသည်မှာ `ဒီမုန့်ဆိုင်ကြီး တစ်ဆိုင်လုံးမှာ ငါဝယ်စားတဲ့ မုန့်တစ်ခုသာ အကောင်းဆုံး၊ ကျန်တဲ့မုန့်တွေဟာ ငါဝယ်စားတဲ့မုန့်လောက် အရသာမရှိဘူး၊ ဒါကြောင့် ငါဝယ်စားတာ´ဟု ကြွားလိုက်သေး၏။ အမှန်မှာ ပိုက်ဆံမရှိ၍သာ ထိုကဲ့သို့ ပြောခြင်းဖြစ်ပေသည်။


မဟာသမုဒ္ဒရာသို့ ဆင်းလိုလျှင် ဆင်းရာဌာန ဆိပ်ကမ်းကို ရှာစရာမလိုဘဲ ရောက်ရာဌာနမှ ဆင်းလိုတိုင်း ဆင်းနိုင်ပေသည်။ ထို့အတူပင် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂီပုဂ္ဂိုလ်အား တရားရွေးချယ်ရန်မလို၊ မည်သည့်ကမ္မဋ္ဌာန်းကို အားထုတ်အားထုတ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ချည်းဖြစ်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သော ကမ္မဋ္ဌာန်းဟူ၍ မရှိပါ။ (သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ - ၁၊ နှာ ၃၂၅။ မူလပဏ္ဏာသ အဋ္ဌကထာ - ၂၊ ၃၂၀)

မဟာသတိပဋ္ဌာနသုတ်တော်ကြီးတွင်လည်း `ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ = ရဟန်းတို့ (ယောဂီအပေါင်းတို့) သတ္တ၀ါတို့၏ ဉာဏ်အမြင်စင်ကြယ်ဖို့ရန်အတွက် လမ်းသည် တစ်ကြောင်းတည်းသာရှိ၏´ဟု ဟောကြားထားသည်။ အာနာပါနပဗ္ဗ-ကစပြီး သစ္စပဗ္ဗတိုင်အောင် သတိပဋ္ဌာန်အားဖြင့် လေးပါး၊ တရားကွက်အားဖြင့် (၂၁)ပါးတို့သည် ခရီးတူ၊ စခန်းတူ၊ လမ်းအတူ၊ အကျိုးတူ ဧကာယန မဂ္ဂဟု ဟောကြားထားသည်။ ထိုသို့ဖြစ်ပါလျှက် အာနာပါနက သမထအလုပ်၊ မဂ်မရနိုင်ဘူး၊ နိဗ္ဗာန်ရောက်ကြောင်းလည်း မဟုတ်ဘူးစသည်ဖြင့် မပြောကြားသင့်ပေ။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် `အာနာပါနကျင့်စဉ်ကို သတိလက်လွတ်၊ အဆင်အခြင်နည်းသူတို့အား ငါမဟော´ဟု မိန့်တော်မူထားသည်။ မဂ်ရကြောင်းမဟုတ်ဘူး၊ သာသနာပတရားကြီးဟု မဟောခဲ့ပေ။ ပါရမီထူးခြားသူတို့ကို ဟောသောတရားဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

`
အာနာပါနကမ္မဋ္ဌာန်းသည် ၀န်လေး၏၊ ခဲယဉ်း၏၊ ခဲခဲယဉ်းယဉ်း အားထုတ်မှသာလျှင် ဖြစ်နိုင်၏၊ လေးလေးစားစား ကြိုးပမ်းအားထုတ်မှသာ ဖြစ်နိုင်၏၊ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓနှင့် အာဇာနည်ပါရမီရှင်များသာ နှလုံးသွင်းနိုင်သော ကမ္မဋ္ဌာန်းဖြစ်၏´ဟု အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသကလည်း မိန့်တော်မူထားသည်။ (ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ - ၂၊ နှာ ၉၈။ ပါရာဇိကကဏ္ဍ အဋ္ဌကထာ - ၂၊ ၂၈။ ၀ိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ - ၁၊ ၂၇၅)


ဝိပဿနာပိုင်း ရှုမှတ်ပုံများ

သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ၀ိပဿနာဆိုတာ ခန္ဓာကိုယ်တခုလုံးကို ဖြန့်ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ။် သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂအလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင် ၀ိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ်။

ဝိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထအားထုတ်မှု အားကောင်း၍ သမာဓိရင့်သန်နေတဲ့အတွက်ကြောင့်ပါ်။ ၀ိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။


ရှု့နည်း ၃ မျိုး

-သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂအလင်းနိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း
- ခြေဖျား မှ ချက်
ချက်မှ လည်မျို
လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း
- လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း ၃ မျိုးရှိပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ်။

- မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း
- မိမိခန္ဓာကိုယ်ရဲ့ ငယ်ထိပ်ခြေတောက်လက်စတဲ့နေရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေတာတွေကို မှတ်ခြင်း
- နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။



ဗုဒ္ဓါနုဿတိပွားများပုံ

အရဟံ လို့ စိတ်ထဲက ဆိုပြီး ၀င်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော် အရောက် အာရုံပြုပြီး ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား ဆိုပြီး ၀င်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ၊ ဒီလိုနည်းနဲ့ အချိန် ရသလောက် ပွားများပေးပါ၊ ဘုရားရှင် ပေါ်မှာ ကြည်ညိုတဲ့ စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေ ပါပဲ။

မေတ္တာဘာဝနာပွားများပုံ

အားလုံးသော သတ္တ၀ါတွေ ၀င်လေ တစ်ချက်ချမ်းသာကြပါစေ ထွက်လေ တစ်ချက်. ဒီပုံစံနဲ့ မေတ္တာ ဘာဝနာ ပွားများ နိုင်ပါတယ်... ကိုယ် ပွားများ ချင်တဲ့ ပုံစံနဲ့ ပွားများ နိုင်ပါတယ် ၀င်လေ ထွက်လေ ကပ်ပြီး ပွားများ တာက သမာဓိ ပိုရ လွယ်ပါတယ်..

မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ)

တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကားလို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်.

အသုဘ ဘာဝနာ (စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)

ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကားလို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရ ပါမယ်၊ ပထမဆုံး ပုခုံးအထက် ဦးခေါင်း ပိုင်းကို အရင် ကြည့်ရပါမယ်. မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကားလို့.. စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊

ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ် စရာကြီး ပါတကားလို့ စိတ်က ဆင်ခြင် ပွားများပြီး အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။

တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက် အထိ စိုက်ကြည့် ပွားများပါ၊ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရား အလုပ်မှာ နှောင့်နှေး တတ်ပါတယ်။ နာမည်ကြီး ခေမာ ထေရီကို ကြည့်ပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာဝနာကို ပွားများ ကြရပါတယ်။

ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစား အားထုတ် ပွားများသင့် ပါတယ်၊ ရက်တွေ အများကြီး အချိန် မပေးနိုင် ရင်တောင် တရားမရှုမှတ်မိ အချိန်ပိုင်းလောက် ဗုဒ္ဓါနုဿတိနဲ့ မေတ္တာ ဘာဝနာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်၊ မေတ္တာ စွမ်းအားဟာ တကယ့်ကို ကြီးမားလှ ပါတယ်.

သမထပိုင်းပွားများပုံ

သမထ ပိုင်းကိုတော့ ဂဏနာနည်း (ရေတွက် တဲ့နည်း) နဲ့ စတင် ရှုမှတ်ပါတယ်၊ သမာဓိရ လွယ်သလို အချိန်တွေ ဘယ်လောက် ကြာကြာ ထိုင်မှတ် နိုင်တာကို တွေ့ရပါတယ်၊
ဝင်လေ ၁
ဝင်လေ ၂
ဝင်လေ ၃
ဝင်လေ ၎
ဝင်လေ ၅
ဝင်လေ ၆
ဝင်လေ ၇
ဝင်လေ ၈ ဆိုပြီး နှာသီးဖျားကို ထိပြီး ၀င်သွားတဲ့ လေကို သတိကပ်ပြီး ရှုမှတ်ပါ။ ဒီ ၀င်လေ ၈-ချက် ရရင် လက်တစ်ချောင်း ချိုးပါ။

နောက်ထပ် ၀င်လေ ၈-ချက် ရရင် ဒုတိယ တစ်ချောင်း
နောက်ထပ် ၀င်လေ ၈-ချက် ရရင် တတိယ..
စတုထ္တ ပဉ္စမ ဆဋ္ဌ သတ္တမ အဋ္ဌမ န၀မ ဒသမ.. လက်ဆယ်ချောင်း ပြည့်သွားရင် တစ်ပုံ ရတယ်လို့ သတ်မှတ်ပါတယ်၊
(
ဝင်လေ ၈ x လက်ဆယ်ချောင်း = ၀င်လေ ၈၀= တစ်ပုံ)

အဲဒီ တစ်ပုံရပြီဆိုရင်….
. ဘယ် လက်ကောက်ဝတ် မှာ စိတ်က မှတ်ပြီး ပုံထား လိုက်ပါ. နောက်ထပ် တစ်ပုံရရင်
. ဘယ် တံတောင်ဆစ် မှာ စိတ်က မှတ်ပြီး ပုံထားလိုက် နောက်ထပ်
၃ ဘယ် ပုခုံး
၎ ဘယ် နားရွက်
၅ ဘယ် ဦးထိပ်စွန်း
၆ ညာ ဦးထိပ်စွန်း
၇ ညာ နားရွက်
၈ ညာ ပုခုံး
၉ ညာ တံတောင်
၁၀ ညာ လက်ကောက် ၀တ်မှာ ပုံလိုက်ပါ. ဒါဆိုရင် ခန္ဓာကိုယ် တစ်ပတ် ရပါပြီအစပိုင်းမှာ လုပ်ရတာ ခက်သလို ရှိပါတယ် နောက်ပိုင်း အသား ကျသွားရင် လက်တွေက သူဟာသူ ချိုးနေပါမယ်. တကယ့်ကို သမာဓိရ လွယ်တဲ့ နည်းပါပဲ။။ ဒီလို ခန္ဓာကိုယ် တစ်ပတ် ရတာကို တစ်ဝါ ရလို့ ခေါ်ပါတယ်။ ၀ါရ-ဆိုတာ ရေတွက် ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ သမထ ပထမပိုင်း မှာတော့ သတိမြဲအောင် ဦးစားပေး ရှုမှတ်ရပါမယ်၊