1. လူသည် သူ့ကိုယ်သူ ထင်မြင်ထားသည့်အတိုင်း တကယ်ဖြစ်၏။
2. ဘ၀သည် သင်လက်ခံထားသည့်အရာကို ပေးလိမ့်မည်။
3. ဘ၀သည် သင်ရုပ်လုံးဖော်သည့်အတိုင်း ပုံပေါ်လာမည်ဖြစ်သည်။
4. သင်အောင်မြင်မှုနဲ့ စိတ်ချမ်းသာမှုကို သင်ကိုယ်တိုင် တောင်းဆိုရလိမ့်မည်။
5. ငယ်ငယ်တုန်းကလို စိတ်ကူးယဉ်အိပ်မက် မက်တတ်အောင် ပြန်လုပ်ရလိမ့်မည်။
6. လူတကာနှင့် ယှဉ်ပြိုင်ရဲသော စိတ် ရှိရလိမ့်မည်။
7. သင့်ဘ၀သည် ပြောင်းလဲလာနိုင်ကြောင်း ယုံကြည်ရလိမ့်မည်။
8. အောင်မြင်မဟုတ်ဘူးဟူသော သတင်းပို့ချက်တွေ ရှေ့မှာ တသီကြီး
တွေ့ရလိမ့်မည်။ အောင်မြင်ရ မည်ဟူသော သင့်ဆုံးဖြတ်ချက်သည်
အခြားမည်သည့်အရာထက်မဆို ပို၍ အရေးကြီးကြောင်း မမေ့ပါနဲ့။
9. ဖြစ်မြောက်အောင်မြင်လိုသော ဆန္ဒရှိသူအား ဘယ်အရာမျှ တားဆီးခြင်း
မပြုနိုင်။ အခက်အခဲ အတားအဆီးတိုင်းသည် သူ၏ ကိုယ်စိတ်ကြွက်သားများ
စွမ်းဆောင်ရည် တိုးတက်အောင် လေ့ကျင့်သင်တန်းပေးသည့်အရာများ
သည် ဖြစ်သည်။
10. ကြီးပွားလိုသူသည် မိမိဘာသာစကားသာမက အခြားဘာသာစကားများကိုလည်း တတ်ကျွမ်းရမည်။
11. ပထမငွေတစ်ရာကို ရအောင်ရှာဖွေပါ၊ နောက်ငွေတစ်ရာကို ရရန် မခဲယဉ်းတော့ပါ။
12. အမြဲသုံးစွဲသော သော့မှာ ပြောင်လက်၍ မသုံးစွဲမကိုင်တွယ်သော သော့မှာ
သံချေးတက်ကာနေ၏။
13. လောကတွင် အချိန်သည် အဖိုးတန်ဆုံးဖြစ်၏၊ ထို့ကြောင့် အချိန်ကို
အကျိုးမရှိ ကုန်စေသော သူသည် အဖိုးအထိုက်တန်ဆုံးကို သုံးဖြုန်းပစ်သည်မည်၏။
14. အနာမခံက အသာမစံရ၊ သုခကိုလိုသော ဒုက္ခနဲ့ ရင်းနှီးရမည်။
15. ပျင်းရိခြင်းသည် ရှေ့က သွားသည်ရှိသော် ဆင်းရဲခြင်းသည် နောက်မှ
တဖြေးဖြေးလိုက်၍လာ၏။
16. ပျင်းရိခြင်းသည် ဒုက္ခဖြစ်ရာဖြစ်ကြောင်း၏ ပဓာနကြီးဖြစ်လေသည်။
17. ယနေ့လုပ်ရန်အလုပ်ကို ယနေ့လုပ်ကိုင်လိုက်ပါ၊ နက်ဖြန်တွင်
မည်သည့်ကိစ္စများ ၀င်ရောက်ပေါ်လာဦးမည်ကို မသိနိုင်။
18. အချိန်နဲ့ငွေကို အသုံးအကျဆုံး နေရာတွင် သုံးစွဲပါ၊ အကျိုးမရှိရာတွင်
သုံးဖြုန်းခြင်းကြောင့် ကြွေးတင်ကျွန်ဖြစ်ရခြင်းမှာ အလွန်မိုက်ရာသို့
ရောက်လေသည်။
19. ကြွေးသည် သင်၏ လွတ်လပ်ခွင့်ကို ချုပ်ချယ်ခြင်းတစ်ရပ်ဖြစ်လေသည်၊
ကြွေးရှင်ကို ကြောက်ရ၊ ခယတောင်းပန်ရ၏၊ အခြားဒုက္ခပေါင်းများ
ရောနှောဝိုင်းအုံတက်လာတတ်သည်၊ ဥစ္စာမရှိ ကတိမတည်သာမက ကိုယ်ကျင့်တရားများ
ပျက်ပြားတတ်လေသည်။
20. ၀င်ငွေထွက်ငွေ ပိုသူများသည် မည်သည့်အခါမှ မချမ်းသာနိုင်၊ ငွေကို
ရအောင် ကြိုးစားဘိသကဲ့သို့ ငွေကို သုံးသင့်မသုံးသင့် ခွဲခြားနားလည်အောင်
ကြိုးစားပါ။
21. လုံ့လ၀ီရိယဖြင့် ကြိုးစားခြင်းသည် အလုပ်ကိစ္စကို ပြီးစေ၍
စိတ်ပျက်လက်လျှော့ခြင်းသည် အလုပ်ကိစ္စကို ကြီးလေးစေသည်။
22. ကြိုးစားခြင်းလုံ့လ၀ီရိယသည် ကံကောင်းခြင်း၏ ရေသောက်မြစ်ကြီးတစ်ခု ဖြစ်လေသည်။
23. ဤယနေ့ လုပ်သောအလုပ်သည် မနက်ဖြန်ခါ လုပ်ရမည်ဖြစ်သော သာလွန်ကြီးမားသော
အလုပ်အတွက် လှေကားထစ်သဖွယ်ဖြစ်စေရာ၏။
24. ငရဲကို ကြောက်သောကြောင့် မကောင်းမှုကို ရှောင်ကြဉ်သောသူကို
ချီးမွမ်းစရာမရှိ၊ မကောင်းမှန်း သိသောကြောင့် မကောင်းမှုကို မုန်းထား၍
ကိုယ်ချင်းစာတရားနှင့် ရှောင်ကြဉ်မှ မြင့်မြတ်လေသည်။
25. ဆိုးသွမ်းသူကို မမုန်းအပ်၊ ဆိုးသွမ်းမှုကိုသာ မုန်းရမည်။

No comments:
Post a Comment