၁။ ဘုရားလောင်းလျာ ကျင့်သုံးခဲ့သော ကျင့်စဉ်ဂုဏ်များကို နှလုံးသွင်း၍ ဒေါသဖြေဖျောက်ရန် ကြိုးစားသော်လည်း ဒေါသမငြိမ်းအေးလျှင် အနမတဂ္ဂိယ သုတ်တော်တို့ကို ဆင်ခြင်စဉ်းစား၍ ဒေါသကိုဖြေဖျောက်ရပါမည်။
၂။ အနမတဂ္ဂိယ သုတ်တော်ဟူသည် သံသရာဝယ်ကျင်လည်ရစဉ် အမေ မဖြစ်ဘူးသောသူ၊ အဖေ မဖြစ်ဘူးသောသူ၊ အစ်ကို မဖြစ်ဘူးသောသူ၊ ညီ မဖြစ်ဘူးသောသူ၊ အစ်မ မဖြစ်ဘူးသောသူ။ ညီမ မဖြစ်ဘူးသောသူ၊ သားမဖြစ်ဘူးသောသူ၊ သမီးမဖြစ်ဘူးသော သူဟူသည် မရှိပေ။ ဆွေမျိုး တော်စပ် ဘူးကြသည်သာ ဖြစ်သည်ဟု ဟောကြားသော သုတ်တော်တည်း။
၃။ တစ်ဦးနှင့်တစ်ဦးတို့သည် ဆွေမျိုးတွေသာဖြစ်ကြသည်။ ဤဘ၀၌ ဆွေမျိုးမတော်စပ်ကြသော်လည်း သံသရာ၌ ဆွေမျိုး များဖြစ်ခဲ့ကြသည်။ ထိုသို့ဆွေမျိုးများဖြစ်ခဲ့ကြစဉ် “ငါ့အကျိုးကို ပြုခဲ့ကြပေသည်။ ငါသည် ထိုပုဂ္ဂိုလ်၌ ပြစ်မှား ရန် အမျက်ထွက်ရန် မသင့်တော်ပေ”ဟု နှလုံးသွင်း၍ ဒေါသကို ဖြေဖျောက်ရပါမည်။
၎။ ဆွေမျိုးစိတ်ထား၍ ဒေါသကိုဖြေဖျောက်ရန်ကြိုးစားသော်လည်း ဒေါသမငြိမ်းအေးလျှင် မေတ္တာပွားများရခြင်း၏ အကျိုးအာနိသင်တို့ကို ဆင်ခြင်စဉ်းစားကာ ဒေါသကို ဖြေဖျောက်ရပါမည်။ ငါသည် ဒေါသကြီးနေလျှင် ဘုရားရှင်မိန့်တော်မူထား သည့် မေတ္တာအကျိုး(၁၁)မျိုးနှင့် အခြားအာနိသင်တို့ကို ရရှိနိုင်လိမ့်မည်မဟုတ်။ လက်လွတ်ဖြစ်ကာ ဆုံးရှုံးရပေလိမ့်မည်ဟု ဆင်ခြင်စဉ်းစားရပါမည်။ ဆင်ခြင်စဉ်းစား၍ ဒေါသကို ဖြေဖျောက်ရပါမည်။
၅။ မေတ္တာအကျိုးအာနိသင်တို့ကို လက်လွတ် ဆုံးရှုံးသူမဖြစ်အောင် ဆင်ခြင်စဉ်းစား၍ ဒေါသကို ဖြေဖျောက်ပါ သော်လည်း ဒေါသမငြိမ်း အေးသေးလျှင် ဓာတ်သဘောတို့ကို အသီးသီးခွဲခြားမှုပြုရပါမည်။ ခွဲခြားမှုပြု၍ ဒေါသကို ဖြေဖျောက်ရပါ မည်။
လူ၌--
၁။ ဆံပင်၊
၂။ မွှေးညှင်း၊
၃။ ခြေသည်းလက်သည်း၊
၎။ သွား၊
၅။ အရေထူ အရေပါး၊
၆။ အသား၊
၇။ အကြော၊
၈။ အရိုး၊ ၉။
ရိုးတွင်းချဉ်ဆီ၊
၁၀။ အညှို့၊
၁၁။ နှလုံး၊
၁၂။ အသည်း၊
၁၃။ အမြှေး၊
၁၄။ အဖျဉ်းသရက်ရွက်၊
၁၅။ အဆုပ်၊
၁၆။ အူမ၊
၁၇။ အူသိမ်၊
၁၈။ အစာသစ်၊
၁၉။ အစာဟောင်း၊
၂၀။ ဦးနှောက်၊
၂၁။ သည်းခြေ၊
၂၂။ သလိပ်၊
၂၃။ ပြည်၊
၂၄။ သွေး၊
၂၅။ ချွေး၊
၂၆။ အဆီခဲ၊
၂၇။ မျက်ရည်၊
၂၈။ ဆီကြည်၊
၂၉။ တံတွေး၊
၃၀။ နှပ
်၊ ၃၁။ အစေး၊
၃၂။ ကျင်ငယ်ဟု အစုအဝေး သုံးဆယ့်နှစ်မျိုး ရှိ ပါသည်။
၆။ အမျက်ထွက်နေ စိတ်ဆိုးနေသည့် သင်ဟာ ဘာကိုစိတ်ဆိုးနေသနည်း။
ဆံပင်ကို စိတ်ဆိုးနေသလော။ သို့မဟုတ် အမွေးများကို စိတ်ဆိုးနေသလော။ သို့မဟုတ် သွားကို စိတ်ဆိုးနေသလော။ သို့မဟုတ် အရေထူ အရေပါးကို စိတ်ဆိုးနေသလား စသည်ဖြင့် အစဉ်အတိုင်းမှတ်ကာ ကျင်ငယ်ရည်ကို စိတ်ဆိုးနေသလော။ ဤကဲ့သို့ ဓာတ်တို့ကို အသီးသီးခွဲခြားရပါမည်။ တစ်နည်းအားဖြင့် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးတို့ အစုအဝေးများ၌ ရှိနေကြရာ သင်သည် ဆံပင်၌ရှိသော မြေဓာတ်ကို စိတ်ဆိုးနေသလော၊ ရေဓာတ်ကို စိတ်ဆိုးနေသလော၊ အပူအအေးဓာတ်ကို စိတ်ဆိုးနေသလော၊ လေဓာတ်ကို စိတ်ဆိုးနေသလော ဤကဲ့သို့လည်း ဓာတ်တို့ကို အသီးသီးခွဲခြားရပါ မည်။
၇။ ခန္ဓ္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါးတို့ကို အစွဲပြု၍ ရန်သူဖြစ်သူကို မည်သူမည်ဝါဟု ခေါ်ဆိုနေကြသည်။
သင်သည် ရူပခန္ဓာကို စိတ်ဆိုးနေသလော၊ ဝေဒနက္ခန္ဓာကို စိတ်ဆိုးနေသလော၊ သညာက္ခန္ဓာကို စိတ်ဆိုးနေသလော၊ သင်္ခါရက္ခန္ဓာကို စိတ်ဆိုးနေသလော၊ ၀ိညာဏက္ခန္ဓာကို စိတ်ဆိုးနေသလော၊ သို့မဟုတ် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ရုပ်နာမ် ဓမ္မ ၁၂-မျိုးသော အာယတနတို့တွင် မျက်စိအကြည်ဓာတ်ကို စိတ်ဆိုးနေသ လော စသည်ဖြင့် ဓာတ်တို့ကို အသီးသီးခွဲခြားရပါမည်။ သို့မဟုတ် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ အဆင်း၊ အသံ၊ အနံ့၊ အရ သာ၊ အတွေ့၊ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ဆင်ခြင်လက်ခံစိတ်၊ ကြွင်းကျန်သော သိစိတ်၊ ရုပ်နာမ် ဓမ္မ ၁၈-မျိုးသော ဓာတ်တို့တွင် မျက်စိအကြည်ဓာတ်ကို စိတ်ဆိုးနေသလော၊ စသည်ဖြင့် ဓာတ်တို့ကို အသီးသီးခွဲခြားရပါမည်။ ထိုသို့ခွဲခြားစိတ်ဖြာလိုက်လျှင် အပ်ဖျား၌ မုံညင်းစေ့ မတည်နိုင်သလို ဒေါသအမျက်၏ တည်ရာဌာန မရှိနိုင်တော့ပါပေ။ ထိုကဲ့သို့ ဓာတ်သဘောတို့ကို အသီးသီးခွဲခြားမှုပြုလုပ်ကာ ဒေါသကို ဖြေဖျောက်ရပါမည်။
၈။ ဒေါသကို ဖြေဖျောက်ရန် ကြိုးစားသော်လည်း ဒေါသမငြိမ်းအေးသေးလျှင် ပစ္စည်းများကို ဝေဖန်ပေးကမ်းလှူဒါန်း မှုပြုရပါမည်။ ပစ္စည်း အပေးအယူပြုလုပ်၍ ဒေါသကို ဖြေဖျောက်ရပါမည်။ မိမိပစ္စည်းကို ရန်သူအား ပေးရမည်။ ရန်သူ၏ ပစ္စည်းကို မိမိက လက်ခံရမည်။ ရန်သူက အကျင့်သိက္ခာပျက်ပြားနေ၍ သူ့ပစ္စည်းကို မသုံးဆောင်ထိုက်လျှင် မသုံးဆောင်လိုလျှင် မိမိကသာ ရန်သူအား ပေးရမည်။ လှူရမည်။ ထိုကဲ့သို့ပြုလုပ် လျှင် ဘ၀အဆက်ဆက်က ပါလာသော ဒေါသရန်ငြိုးပင်ဖြစ်သော်လည်း တစ်ခ ဏအတွင်းမှာပင် ငြိမ်းအေးသွားနိုင်ပါသည်။
၉။ သီရိလင်္ကာနိုင်ငံ စိတ္တလတောင်ကျောင်းတိုက်၌ မဟာထေရ်ကြီးတစ်ပါးက ပိဏ္ဍပါတ်ဓုတင်ဆောင် မထေရ်တစ် ပါးကို နေရာထ၍ပေးရန် ကျောင်းမှဖယ်ပေးရန် သုံးကြိမ်တိုင်တိုင် အနှောင့်အယှက်ပေးခဲ့လေသည်။ ပိဏ္ဍပါတ်ဓုတင်ဆောင် မထေရ်က မဟာထေရ်ကြီးထံ ချဉ်းကပ်၍ “အရှင်ဘုရား…ဤသပိတ်သည် ရှစ်အသပြာထိုက်တန်ပါသည်။ တပည့်တော်၏မယ် တော် ဥပါသိကာမကြီးက လှူဒါန်းထားသော တရားသဖြင့် ရရှိထားသည့် လာဘ်ပစ္စည်းဖြစ်ပါသည်။ တပည့်တော်၏ ဥပါသိကာမ ကြီးအား ချီးမြှောက်သောအားဖြင့် ကောင်းမှုရအောင် လက်ခံတော်မူပါဘုရား”ဟု လျှောက်ထားကာ သပိတ်ကို လှူဒါန်းခဲ့သည်။ နှောက်ယှက်သူ မဟာထေရ်ကြီးမှာ ပိဏ္ဍပါတ်ဓုတင်ဆောင်ရဟန်းအပေါ် အာဃာတဒေါသများ ငြိမ်းသွားခဲ့ပေသည်။
၁၀။ ပေးကမ်းလှူဒါန်းခြင်းမည်သည် အာနုဘော်စွမ်းအား ကြီးမားလှပါသည်။ ဗုဒ္ဓဘုရားရှင်က ဤကဲ့သို့ မိန့်ကြားထားတော်မူ သည်။
၁၁။ ပေးကမ်းခြင်းသည် မယဉ်ကျေးသောသူကို ယဉ်ကျေးစေတတ်သည်။ ပေးကမ်းခြင်းသည် အကျိုးအားလုံးကို ပြီးစေတတ် သည်။ ပေးကမ်းခြင်းဖြင့်လည်းကောင်း၊ ချစ်ဖွယ်ပြောကြား စကားဖြင့်လည်းကောင်း၊ ပေးသူပြောသူတို့သည် ချစ်မြတ်နိုးခံရလျက် မြင့်တက်ကုန်သည်။ ခံယူသူ နားထောင်သူတို့သည် ပျော့ပျောင်းကြည်သာ ညွတ်ကိုင်းလာကုန်သည်။
၁၂။ ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရဆရာတော်ကြီးသည် မိမိအား မလိုမုန်းထားဆန့်ကျင်ဘက်ပြောကြားနေသော မိမိ သီတင်းသုံးရာ ဓမ္မနာဒချောင်အနီးမှ ဆရာတော်ကြီးတစ်ပါးအား နောက်ဆုံးနည်းဖြစ်သော ပေးကမ်းလှူဒါန်းမှုနည်းဖြင့် နှစ်ဦးနှစ်ဝ ချစ်ခင်ကြည်ညိုမှုကို ရယူနိုင်ခဲ့ပါသည်။ မေတ္တာလမ်းခရီး လျှောက်လှမ်းနိုင်ခဲ့ပါသည်။
No comments:
Post a Comment