၁။ ရေကူးညာတင် ပြောနည်း-
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် "ရေကူးညာတင် ပြောနည်း "မည်၏။ အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက ပြောသော စကားကို သာဓကထုတ်အပ်၏။
၂။ ကောက်ပင်ရိပ်လှီး ပြောနည်း-
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဖက်ဖြင့် ဆုတ်သိမ်းကာ တံဇဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းက ဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် "ကောက်ပင်ရိတ်လှီး ပြောနည်း"မည်၏။
သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။
၃။ ရေစီးဖောင်ဆန် ပြောနည်း-
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ, ဥပမေယျ တို့ဖြင့် ဖြည်းညင်း သာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် "ရေစီးဖောင်ဆန် ပြောနည်း"မည်၏။
ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က "အဆွေတော်"ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီသားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓက ထုတ်အပ်၏။
၎။ အိုးတန်ဆန်ခပ် ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် "အိုးတန်ဆန်ခပ်"ပြောနည်း မည်၏။
သားရွှေအိုး ထမ်းလာသည်ကို မြင်လိုပါသည်ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောဆိုခြင်းသည် "ဆီပွတ်ကျည်ပွေ့"ပြောနည်း မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်း၊ ရှားနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်းဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် "ဆင်ဝှေ့ရန်ရှောင်"ပြောနည်း မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏ စကားကို သာဓက ထုတ်အပ်၏။
၇။ တောင်သူယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင်လည်း ဦးစွာစကားငယ်ပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် "တောင်သူယာခုတ်"ပြောနည်း မည်၏။
အမတ်ကြီး လေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့် ပညာ ဘယ်ဟာက မြတ်သည်ဟူသော အငြင်းပွားပုံကို သာဓက ထုတ်အပ်၏။
၈။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သရွှေ့ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် "ကြက်ဆုတ်ခွပ်ပစ်"ပြောနည်း မည်၏။
က၀ိသေတ္တု မဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီး ဦးပေါ်ဦးတို့ အပြန်အလှန် ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင် နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် "ရေစစ်ပမာ စကားပြောနည်း"မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။
၁၀။ ခက်တင်မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်မကျ ပြောဆိုခြင်းသည် "ခက်တင်မောင်းနင်း" ပြောနည်း မည်၏။
ဤသူ ငါ့တူ မဟုတ်ဟု မည်သူပြောသနည်း-ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။
မှတ်ချက်။
စကားကြီး ၁၀-မျိုးအကြောင်းကို ပြဆိုသော ပုံသက်သေ သာဓက၀တ္ထုများကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌ လေ့လာကြည့်ရှုကြပါ။ အောက်ပါအောင်ပွဲရ ကဗျာကို ကျက်မှတ်ထားရာ၏။
အောင်ပွဲရ ကဗျာ
၁။ ရေကူးညာတင်၊ ပြောရိုးတွင်၊ ဉာဏ်ယှဉ်ပါက အောင်ပွဲရ။
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၎။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။
၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။

ရဟန်းတို့ သင်တို့ကို အခြားသူများက ပြောနိုင်သော စကားပြောပုံ ပြောနည်း
ငါးမျိုး ရှိ၏။
၁။ အခါဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြောမည်။
၂။ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ၊ မဟုတ်မမှန်သောအားဖြင့် ဖြစ်စေ ပြောမည်။
၃။ သိမ်သိမ်မွေ့မွေ့ ဖြစ်စေ၊ ကြမ်းကြမ်းထမ်းထမ်း ဖြစ်စေ ပြောမည်။
၎။ အကျိုးသင့် အကြောင်းသင့် ဖြစ်စေ၊ အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲဖြစ်စေ ပြောမည်။
၅။ မေတ္တာစိတ်ဖြင့် ဖြစ်စေ၊ ဒေါသစိတ်ဖြင့် ဖြစ်စေ ပြောမည်၊
ဤသို့ သင်တို့ကို အခြားသူများက ပြောနိုင်သော စကားပြောပုံ ပြောနည်း ငါးမျိုးရှိ၏။
ရဟန်းတို့ သင်တို့ကို ပြောဆိုသောသူတို့သည် အခါဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အခါမဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဟုတ်မှန်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
မဟုတ်မမှန်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
သိမ်မွေ့စွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။
ကြမ်းထမ်းစွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် အားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
မေတ္တာစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဒေါသစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။
ရဟန်းတို့ ထိုသို့ စကားပြောပုံ ပြောနည်း ငါးမျိုးဖြင့် ပြောဆိုရာ၌လည်း သင်တို့သည် ဤသို့ ကျင့်သုံးရမည်၊
သူ့ပြောဆိုချက်ကြောင့် ငါတို့သည် စိတ်တမျိုးတမည် မဖြစ်ကုန်အံ့၊
ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကုန်အံ့၊
သူ့အကျိုးစီးပွားကို ငဲ့ညှာလျက် မေတ္တာစိတ်ထားကာစိတ်မဆိုးဘဲ နေကြကုန်အံ့၊
ထိုပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ် ပို့လွှတ်၍ နေကုန်အံ့၊
ထိုပုဂ္ဂိုလ်ကို မူ-ထား၍ တလောကလုံးရှိ သတ္တ၀ါအားလုံးကို မေတ္တာစိတ်၏ အာရုံအဖြစ်ထားလျက်
အပိုင်းအခြားမရှိ ကျယ်ပြန့်သော ရန်ပြုလိုမှု၊ ဒုက္ခဖြစ်စေလိုမှု ကင်းသော မေတ္တာစိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့-ဟူ၍
ကျင့်သုံးရမည်။

No comments:
Post a Comment