(တစ်စုံတစ်ယောက်ကို
နားလည်မှုအပြည့်အ၀ပေးချင်တယ်။ သူ့ကို နားလည်အောင် ကြိုးစားရင်း
နားမလည်နိုင်ဘူး..။
အပြန်အလှန်နားလည်နိုင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ.. ။ ကျေးဇူးပြုပြီး အကြံပေးပါဦး..) လို့
ကွန်မန့်မှာ မေးလာတာကို
တွေ့ရလို့ ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်။ တစ်စုံတစ်ဦးကို အပြည့်အဝ
နားလည်ပေးချင်တဲ့ စိတ်ထားလေးကို လေးစားအားကျတာရော၊ ကိုယ့်ကို အားကိုးတကြီး
လာမေးတဲ့အတွက် အံ့သြသွားတာရောပါ.. (နာမည်ရေးမထားလို့ ဘယ်သူမှန်းမသိပေမယ့်
တရင်းတနှီး လာမေးတာမို့ တရင်းတနှီး မောင်နှမလို ပြောခွင့်ပြုပါ.နော်.။)
တကယ်တော့ သူတပါးကို နားလည်ပေးခြင်းဆိုတာနဲ့ ပတ်သက်ပြီး
လသာည သိပ်မသိပါဘူး။ အခုအထိလည်း သူတပါးကို နားလည်ပေးဖို့ များသောအားဖြင့်
ကြိုးစားခဲ့ပေမယ့် အမြဲနားလည်ပေးနိုင်သူ မဖြစ်သေးပါဘူး။ တကယ်လည်း
သူများကို အပြည့်အ၀ နားလည်ပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်မိတယ်.. ။ တို့
ဖတ်မိသလောက် ဗဟုသုတအရ ပြောပြရရင်..
၁) ကိုယ့်ထက် အသက်ကြီးသူမို့
ကိုယ့်ကိုနားလည်နိုင်လိမ့်မယ်လို့ မယူဆပါနဲ့..
ကိုယ့်ထက် အသက်အရွယ်ကြီးတိုင်း ကိုယ့်ကို နားလည်မပေးနိုင်ဘူး..။ လူတိုင်းဟာ ကိုယ့်အသက်အရွယ်
ကိုယ့်အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး သူများကို နားလည်ပေးဖို့
စဉ်းစားတာပါ။ အခု လသာည အသက်၃၀ကျော် အရွယ်ကနေ ကိုယ့်အောက်က အသက်၂၀ကျော်
ညီမကို အပြည့်အ၀ နားမလည်ပေးနိုင်သေးသလို ကိုယ့်အထက်က အသက်၄၀ ကျော်အစ်မကို
အပြည့်အ၀ နားမလည်သေးဖူး..။ အသက် ၆၀ ကျော် မိဘတွေကို အပြည့်အ၀နားလည်ပေးဖို့
ဆိုတာ ပိုမဖြစ်နိုင်ဖူး..။ ကိုယ့်အသက်၃၀ ကျော်က ၃၀ကျော်အထိ သိလာတဲ့အသိနဲ့ ပဲ သူတို့ကို မြင်တာဆိုတော့
သူ့တို့အသက်အရွယ် သူတို့အတွေ့အကြုံအရ
သူတို့နဲ့ကိုယ် တွေးခေါ်တာ မတူနိုင်ဖူး..။
၂) ကိုယ့်နဲ့ တအားခင်တဲ့
သူငယ်ချင်းမို့ ကိုယ့်ကိုအမြဲနားလည်လိမ့်မယ်လို့ မယူဆပါနဲ့..
ဒါကတော့ သိသာတယ်လေ..။ လူဆိုတာ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့
မျိုးရိုးဗီဇ ပေါ်မှာ မူတည်ပြီး ကိုယ်ကျင့်တရား၊ စိတ်နေစိတ်ထား
အမျိုးမျိုးရှိသတဲ့..။ လည်ပင်းဖက် ပေါင်းလာတဲ့ သူငယ်ချင်းဖြစ်ပါစေ..။
သူ့မိသားစုအသိုင်းအ၀ိုင်း၊ သူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မတူတော့
စိတ်ထားမတူနိုင်ဘူး..။ ခံယူချက်မတူဘူး..။
မိဘအပြည့်အစုံနဲ့ ကြီးပြင်းရတဲ့ ကလေးက မိဘ မစုံမလင် (ဒါမှမဟုတ် အမိမဲ့ အဖမဲ့) ကြီးပြင်းလာရတဲ့
ကလေးရဲ့ မေတ္တာငတ်တဲ့ ခံစားချက်ကို အပြည့်အ၀ နားလည်ပေးနိုင်မှာ မဟုတ်ဖူး..။
ဆင်းရဲစွာ ကြီးပြင်းလာရတဲ့ကလေးရဲ့
ငွေမက်မောမှုအပေါ် ရွှေပုံပေါ်မှာ မွေးဖွားလာတဲ့ လိုတရဘ၀က
ကလေးက နားလည်နိုင်မှာ မဟုတ်ဖူး.. ။ “ငွေကို နှမြောစေးနည်းတယ်၊ ပိတ်ချီးကပ်တယ်”လို့
ပဲ သုံးသပ်မှာပဲ..။
၃) မောင်နှမအရင်းမိုလို့
ကိုယ့်ကိုနားလည်မှာပဲလို့ မထင်ရဘူး။
မိသားစုတစ်ခုမှာပဲ အစဉ်လိုက်မွေးဖွားလာကြတဲ့
မောင်နှမတွေဟာ တမိတည်းပေမယ့် စိတ်နေစိတ်ထား စွမ်းဆောင်နိုင်ရည်နဲ့ စရိုက်လက္ခဏာ မတူဘူးနိုင်ရယ်။
အကြီးဆုံးဖြစ်ရတဲ့အတွက် အငယ်ကို ညှာရမယ်လို့ သွန်သင်ခံရတဲ့ ကလေးတစ်ယောက်ရဲ့
ဆုံးရှုံးသွားတဲ့ အတ္တမဲ့ခံစားချက်ကို
အကြီးဆုံးသားဖြစ်ဖူးတဲ့ သူကမှ သိနိုင်မယ်။ ကျန်တဲ့ မောင်နှမတွေက
မသိနိုင်ဖူး။
အငယ်ဆုံးဖြစ်လို့ အလိုလိုက်ခံရတဲ့အတွက် အရာရာကို
ဦးမဆောင်နိုင်တဲ့ ညီမထွေးကို “ငါမပြောပဲ ကိုယ့်ဘာသာ မလုပ်နိုင်ရင်
တသက်လုံး နင်ဒီလိုပဲ နေတော့မှာ”လို့ ဆူပူနေတဲ့ အကိုကြီးကို ညီမတွေအပေါ်နားလည်မှုမရှိဘူးလို့
ပြောလို့မရဘူး.။
သူတကယ် မသိဘူးလေ..။ သူ့စိတ်နဲ့ သူ့စွမ်းရည်နဲ့
နှိုင်းကြည့်ပြောနေတာ မို့လား။
၎) ကိုယ့်မိဘမို့ ကိုယ့်ကို
နားလည်မှာပဲလို့ အမြဲမတွေးရဘူး..။
မိဘကလည်း သူ့ကြီးပြင်းလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့
ကိုယ့်ကိုနှိုင်းယှဉ်ဆုံးမလိမ့်မယ်။ လသာညရဲ့ အဖေက သူ့မိသားစုမှာ အလတ်ဖြစ်ခဲ့တယ်။
အကိုကြီးနဲ့ ညီထွေးကြားမှာ ကြီးပြင်းခဲ့တဲ့ အဖေ့ရဲ့ မသိစိတ်မှာ “အလတ်တွေ
ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အထီးကျန်စိတ်” ရှိနေခဲ့တယ်။ ဒါကြောင့်လည်း ရင်ထဲကမသိစိတ်နဲ့ သားလတ်၊ သမီးလတ်ဖြစ်သူ
အပေါ် ပိုညှာတာနေခဲ့ပြီး၊ သူ မခံစားခဲ့ရတဲ့ မေတ္တာကို ပိုပေးနေမိမယ်။
သမီးငယ်ဖြစ်သူရဲ့ ခံစားမှုကို
သူသိပ်နားမပေးနိုင်တာဟာ သူ့မကြုံဖူးတဲ့သူ့ဘ၀ အတွေ့အကြုံကြောင့်ဖြစ်ပါတယ်။
သူ့က သမီးငယ်ကို မချစ်လို့
နားလည်မပေးချင်လို့ မဟုတ်ဖူးရယ်။
၅) ကိုယ်အားငယ်တိုင်း အားပေးတတ်သူက
အားမပေးတော့တဲ့အခါ ကိုယ့်ကိုနားမလည်တော့ဘူးလို့ ကောက်ချက်မချနဲ့..။
ကိုယ်အားငယ်တဲ့အချိန် လာအားပေးတတ်တဲ့ မိတ်ဆွေတွေ
ရှိတယ်။ ဒါပေမယ့် တခါတလေ ကိုယ်အားငယ်ချိန် သူက အားပေးချင်မှ
အားပေးလာလိမ့်မယ်။ အဲဒီအခါ သူက ငါ့ကိုနားလည်မပေးနိုင်တော့ဘူး။ ငါ့ကို
မခင်တော့ဘူးလို့ တွေးတတ်တယ်။ ဒါပေမယ့် အဲဒါဟာ ကိုယ့်အပေါ်စိတ်ထားပြောင်းသွားလို့၊
မခင်လို့ မဟုတ်ပဲ ကိုယ့်ကို သူတကယ် အားပေးရမှန်း မသိလို့ လည်း ဖြစ်နိုင်တယ်။ လက်ရှိ
ကိုယ်အားငယ်နေတဲ့ အကြောင်းအရာက
သူ့အတွက် အားငယ်စရာမဟုတ်ဖူးလို့ သူခံယူထားသူဖြစ်နိုင်တယ်လေ..။
၆) ကိုယ့်ကို တအားချစ်ပါတယ်ဆိုတဲ့
ချစ်သူကလည်း ကိုယ့်ကို အမြဲ နားလည်နိုင်မှာ မဟုတ်ဖူး..
ဒါကတော့ သိတဲ့အတိုင်း ယောက်ျားနဲ့ မိန်းမ ဇီဝဖွဲ့စည်းပုံမတူတဲ့
အတွက် အတွေးအခေါ်၊ စွမ်းဆောင်နိုင်ရည်၊
ပတ်ဝန်းကျင်က သတ်မှတ်ချက် ကွဲပြားတယ်မဟုတ်လား..။ ဒါပေမယ့်
နောက်ဆုံးထွက်သက်အထိ သေတပန် သက်တဆုံး ပေါင်းသင်းသွားကြတဲ့ အဘိုးအဘွားတွေ
အများကြီးရှိတယ်။ သူတို့လည်း တစ်ဦးကိုတစ်ဦး “အပြည့်အ၀”နားလည်ပေးနိုင်သွားတာ မဟုတ်ပါဘူး။။
အတူတူ ယှဉ်ထိုင်ပြီး အကြောင်းအရာတစ်ခုကို
ဆုံးဖြတ်တာတောင် ရှူထောင့်က မတူတော့ ညှိနှိုင်းရတာတွေ အများကြီးရယ်။
သူ့မြင်တာကို ကိုယ်က လက်ခံပေးလိုက်၊ ကိုယ်မြင်တာကို သူ့ကလျှော့ပေးလိုက်နဲ့
ပဲ တစ်သက်တာကို လက်တွဲကြတာပါ..
ရ) ကိုယ့်ကိုယ်တောင် နားလည်မှုအပြည့်အ၀ မပေးနိုင်ဖူး..
လူရဲ့ စိတ်က အမျိုးမျိုးပြောင်းလဲနေတာ..။
ကောင်းကင်က တိမ်တွေနဲ့တောင် နှိုင်းကြတယ်မို့လား..။ မနက်ဖက်
သာယာတဲ့ စိတ်ကလေးနဲ့ ရုံးကို အသွားမှာ ရှိနေတဲ့ကိုယ့်စိတ်ထားနဲ့ ညနေဘက် ရုံးကနေ ပင်ပန်းပြီး
stress အပြည့်နဲ့ ပြန်လာတဲ့အချိန်မှာ
ရှိနေတဲ့ ကိုယ့်စိတ်ထား ဘယ်လိုမှ မတူနိုင်ဖူး..။
တခါတလေ ပင်ပန်းလွန်းလို့
ဘေးနားကလူတွေကို ပြန်အော်မိတယ်။ နောက်ပြန်တွေးကြည့်ပြီး အော်
ငါ့နှယ် ဘာလို့ သူ့ကိုအဲလို အော်မိပါလိမ့်လို့ ကိုယ့်ကိုနားမလည်နိုင်အောင်
ဖြစ်ရတယ်။
ခန္ဓာဗေဒအားဖြင့်လည်း မိန်းခလေးတွေဆိုရင်
ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာခါနီးအချိန်တွေဆို ပုံမှန်ထက်
အားငယ်စိတ် သိမ်ငယ်စိတ်ဖြစ်ရတယ်။ အဲဒီအချိန်ဆို အလိုလို ကိုယ့်ကိုယ့်ကို
အားမရသလို သူများတွေကိုလည်း မကျေမနပ်ဖြစ်ရတယ်။ စကားတွေ အကျကောက်တယ်။
ဒါဟာ ဒါကြောင့်ဖြစ်နိုင်တယ်လို့ စာတွေဖတ်ပြီး ကိုယ့်စိတ်ကိုနားလည်အောင်
ကြိုးစားကြပေမယ့် အခါခပ်သိမ်းနားလည်နိုင်သလားဆိုတော့
မိန်းခလေးတိုင်း နားမလည်နိုင်ကြဘူးရယ်။
၈) အပြည့်အ၀ ၁၀၀% နားလည်ဖို့ဆိုတာ ဘယ်နယ်ပယ်မှာမှ
မဖြစ်နိုင်ဖူး။
အောင်မြင်တဲ့ ဆေးတစ်ခုဟာ သက်ဆိုင်ရာလူနာ ၁၀၀%ကို
ကုသပျောက်ကင်းနိုင်လိမ့်မယ်လို့ ဘယ်သူမှ မပြောနိုင်ဖူး..။
ဘယ်သုတေသန မဆို အောင်မြင်မှုကို ရာခိုင်နှုန်းနဲ့ပဲ
ပြောကြရတယ်။ ဒီဆေးဟာ (ဥပမာဆိုပါစို့) ၉၀ ရာခိုင်နှုန်းသော ဒီဝေဒနာရှင်တွေကို
ပျောက်ကင်းနိုင်ပါတယ်လို့သာ ကြေငြာရပါတယ်။ ကျန်တဲ့ ၁၀ရာခိုင်နှုန်းကတော့
မသေချာတဲ့ error အဖြစ်သတ်မှတ်ကြရတယ်။
တခြား သိပ္ပံနယ်ပယ်တွေမှာ
သီအိုရီအသစ် ထုတ်တိုင်းမှာလည်း ဒီအတိုင်းပါပဲ..။
သိပ္ပံပညာလို တိကျတဲ့ နေရာမှာတောင် ၁၀၀% ဆိုတာကို
မပြောကြဘူးဆိုတော့ အပြောင်းအလဲမြန်တဲ့ “လူရဲ့စိတ်နေစိတ်ထား”ကို နားလည်ဖို့ဆိုရင် ပိုဆိုးပြီပေါ့..။
စိတ်ပညာထဲက သုတေသနတွေမှာ
၇၀% အထက်ကို
အများဆုံး မှန်ကန်မှုလို့ သတ်မှတ်ရတယ်လေ..။
ဒါကြောင့်.. တစ်စုံတစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ အပြည့်အ၀ ၁၀၀% မဖြစ်နိုင်ပါဘူး..။ အကြိမ်အရေအတွေအနေနဲ့ ၁၀ကြိမ်မှာ ၇ ကြိမ်လောက် နားလည်မှုထားနိုင်ရင်ကို အများကြီး နားလည်ပေးနိုင်တယ်လို့ ယူဆရမှာပါ။ ကျန်တဲ့
၃ကြိမ်ကတော့ ကိုယ်နားမလည်နိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇ၊
တွက်ချက်မရနိုင်တဲ့ ကံတရားတွေ စတာတွေနဲ့
ကိုယ်တကယ်နားမလည်နိုင်တာတွေ အရာတွေမို့ “ငါဟာ သူ့ကို အပြည့်အဝ
နားလည်မှုမပေးနိုင်ပါလား”လို့ စိတ်မကောင်းဖြစ်ပြီး
ကိုယ့်ကိုယ်ကို ညှင်းဆဲစရာ မလိုသလို၊ သူများက ကိုယ့်ကို နားလည်မပေးနိုင်တဲ့အခါလည်း “သူ့က ငါ့ကို ဒါလေးတောင် နားမလည်ပေးနိုင်ဘူး”လို့ စိတ်မဆိုးမိပဲ လိုပါတယ်..။
အနောနိမတ်စေလေးရေ.. တကယ်တော့ မိဘနဲ့ သားသမီးပဲ ဖြစ်ဖြစ်၊
ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအချင်းချင်းပဲ
ဖြစ်ဖြစ်၊ အိမ်သူသက်ထား ဇနီးခင်ပွန်းပဲ ဖြစ်ဖြစ်.. နားလည်ပေးနိုင်သလောက် နားလည်ပေးပြီး ကျန်တာတော့
ခွင့်လွှတ်ပေးခြင်းနဲ့ပဲ လက်ရှိသံဃောဇဉ်ကို ထိန်းသိမ်းနိုင်မယ်လို့ အစ်မ
ထင်မြင်မိပါတယ်။ အစ်မ ဖတ်မှတ်နားလည်တာတော့
ဒီလောက်ပဲရယ်..။
အစ်မလည်း အဲဒီအတိုင်း လိုက်နာနိုင်သေးတာ မဟုတ်လို့ အခုထိ
မိဘတွေကို စိတ်ကောက်တုန်း၊ သူငယ်ချင်းတွေနဲ့ စကားနိုင်လုတုန်း၊ အမျိုးသားကို
ရန်ဖြစ်ချင်တုန်းသာ ဖြစ်ပါတယ်လို့နော်းD
အစစ စိတ်ချမ်းမြေ့ပါစေ..
No comments:
Post a Comment